ဇူလိုင် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်ခွင့် (Work Permit) ဗီဇာသက်တမ်းတိုးသည့်လုပ်ငန်းစဥ်ကို လာမည့် ဩဂုတ် လတွင် စတင်ဆောင်ရွက်ရန်ရှိသောကြောင့် သက်တမ်းကုန်ဆုံးသွားသည့် မြန်မာ ရွှေ့ပြောင်း အလုပ်သမားများအနေဖြင့် ကြိုတင်ပြင်ဆင်မှုများရှိထားရန် အလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက တိုက်တွန်းပြောဆိုလိုက်သည်။
လက်ရှိတွင် ထိုင်းအလုပ်သမားဝန်ကြီးဌာနက အလုပ်လုပ်ကိုင်ခွင့် ဗီဇာသက်တမ်းကုန်ဆုံးနေသည့် ရွှေ့ပြောင်းလုပ်သားများကို ခွင့်ပြုပေးထားသည့် ယာယီဖြေလျှော့ခွင့် ၆ လသည် လာမည့် ဩဂုတ်လ ၁၃ ရက်နေ့တွင် ကုန်ဆုံးတော့မည် ဖြစ်သည်။
ထို့ကြောင့် အလုပ်လုပ်ခွင့် ဗီဇာသက်တမ်းတိုးရန် စောင့်ဆိုင်းနေသူများအနေဖြင့် ဖြေလျှော့ပေးထားသည့် သက်တမ်း ကုန်ဆုံးသွားပြီးနောက် သက်တမ်းတိုးပေးချိန်ရောက်ရှိလာပါက လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ကြောင်း မြန်မာပြည်သားအရေး ပူးတွဲလှုပ်ရှားမှုကော်မတီ-JACBA အဖွဲ့ဥက္ကဋ္ဌ ဦးမိုးကြိုးက ယခုလို တိုက်တွန်းပြောဆိုသည်။
“ အဲ့ဒီသက်တမ်းတိုးရဲ့ နာမည်ကို Calling Visa လို့ ခေါ်တယ်။ ကောလင်းဗီဇာက လာမဲ့ ဩဂုတ်လက စပြီးတော့ လုပ်ရမယ်။ ၈လပိုင်းက စလုပ်ရမယ်။ လာမယ့် ဖေဖော်ဝါရီ ၂၀၂၆ အတွင်း အပြီးလုပ်ရမယ်။ အဲ့မှာ ကောလင်းဗီဇာ တစ်နှစ်ရမယ်။ တနည်းအားဖြင့် E Work Permit ( Electric Work Permit ) အဲ့တာတွေ အားလုံးကို အခုက တည်းက ဆက်သွယ်ပြီး လုပ်နိုင်ပြီ။ ဩဂုတ်လ ၉ ရက်နေ့ကစပြီးတော့ သက်ဆိုင်ရာ အလုပ်ရှင်တွေ စာရွက်စာ တမ်းအထောက်အထားတွေနဲ့ အေဂျင်စီတခုကို ငှားရမ်းပြီး လုပ်မယ့်သူတွေလည်း အဲ့ဒီ အေဂျင်စီအာမခံနဲ့ လုပ်လို့ရပြီ” ဟု ၎င်းက ပြောသည်။
ထို့အပြင် ယာယီနေထိုင်အလုပ်လုပ်ကိုင်ခွင့်ပြုထားသည့် အချိန်ကာလအတွင်း ကျန်းမာရေးစစ်ဆေးရန်၊ လိုအပ်သည့် အာမခံများဝယ်ထားရန်နှင့် စာရွက်စာတမ်းများ ပြင်ဆင်ထားရန်စသည့် လုပ်ငန်းစဉ်များ ပြုလုပ်ထားရန် လိုအပ်ကြောင်းလည်း ဦးမိုးကြိုးက ဖြည့်စွက်ပြောသည်။
ယခုလို သက်တမ်းတိုး လုပ်ဆောင်ထားမည့် သူများအနေဖြင့် ၆ လ ထပ်မံသက်တမ်းတိုးပေးထားသည့်အတွက် ဩဂုတ်လ ၁၄ ရက်နေ့မှ လာမည့်နှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့အထိ ထပ်မံ ယာယီ နေထိုင် အလုပ်လုပ်ကိုင်ခွင့်ရရှိမည်ဖြစ်ကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ဆက်ပြောသည်။
လက်တလောတွင် သက်တမ်းကုန်ဆုံးနေသည့် စာရွက်စာတမ်းများကြောင့် အလုပ်သမားများအနေဖြင့် ဘဏ် အကောင့် ပိတ်ခံရခြင်း၊ အလုပ်ပြောင်းရွှေ့ရာတွင် အခက်အခဲဖြစ်ခြင်း၊ ယာဉ်မောင်းလိုင်စင်ကဲ့သို့ အရေးကြီးသည့် စာရွက်စာတမ်းများ သက်တမ်းတိုး၍ မရခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရသည်ဟု အလုပ်သမားများက ဆိုသည်။
ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတစ်ဦးက “ သက်တမ်းတိုးလို့ရရင်တော့ ကောင်းတာပေါ့။ အထောက် အထား အပြည့်အစုံနဲ့ဆိုရင်တော့ နေရေးထိုင်ရေး သွားရေးလာရေးအတွက်ရော အစစ်အဆေးတွေအတွက်ရော စိတ်မပူရတော့ဘူး။ သူများနိုင်ငံမှာ နေတာဆိုတာတော့လေ” ဟု ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၃ရက်နေ့၌ အလုပ်လုပ်ကိုင်ခွင့် Work Permit နှင့် ဗီဇာသက်တမ်း ကုန်ဆုံးမှုကို ထပ်မံသက်တမ်းတိုးရန် စောင့်ဆိုင်းနေကြသည့် မြန်မာအလုပ်သမား ၁.၈ ( ၁ ဒသမ ၈) သန်းကျော် ရှိနေသည်ဟု အလုပ်သမားအရေး ကူညီဆောင်ရွက်နေသူများထံမှ သိရသည်။
ထို့နည်းတူ ထိုင်းနိုင်ငံအတွင်း အလုပ်လုပ်ကိုင်နေကြသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ အပါအဝင် နိုင်ငံခြာသား (လူဟောင်း) အလုပ်သမားများ၏ အလုပ်လုပ်ကိုင်ခွင့် ပါမစ် သက်တမ်းတိုး လုပ်ငန်းစဉ်များကို ဇူလိုင်လ ၉ ရက်နေ့တွင် စတင် ခွင့်ပြုထားပြီ ဖြစ်ကြောင်း ထိုင်းအလုပ်သမား စီမံခန့်ခွဲရေးဌာနက ထုတ်ပြန်ထားသည်။



















