ဇူလိုင် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင် စီမံအုပ်ချုပ်နယ်မြေ ထိုင်း-မြန်မာ နယ်စပ်ရှိ ဘုရား သုံးဆူမြို့တွင် ကရင်ပြည်နယ်အတွင်းရှိ မျိုးချစ် ရဟန်းသံဃာတော်များ ဦးဆောင်ကျင်းပမည့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို စစ်ကောင်စီ လမ်းညွှန်ချက်နှင့် မလွှတ်ကင်း၍ ဒေသခံများက ကန့်ကွက်သည့်အတွက် ခွင့်ပြု ချက်မရ ပွဲပျက်သွားခဲ့သည်။
အဆိုပါ ငြိမ်းချမ်းရေးဆုတောင်းပွဲကို ယနေ့ ဇူလိုင် ၆ ရက်တွင် ဘုရားသုံးဆူမြို့ရှိ ဓမ္မဟေဝန်ဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ရန် ကရင်ပြည်နယ်အတွင်းရှိ မျိုးချစ် ရဟန်းသံဃာတော်များက စီစဉ်ထားခြင်းဖြစ်သည်။
ထိုငြိမ်းချမ်းရေး ဆုတောင်းပွဲကို ပြုလုပ်ရန် ကရင်ပြည်နယ်အတွင်းရှိ နာမည်ကြီး ရဟန်းသံဃာတော် တချို့ အပါ ဝင် ဇွန်လကုန်ပိုင်းက စစ်ကောင်စီ ဦးဆောင်ပြုလုပ်သည့် ငြိမ်းချမ်းရေးဖိုရမ်ပွဲသို့ တက်ရောက်ခဲ့သည့် လူပုဂ္ဂိုလ် များ ဘုရားသုံးဆူသို့ လာရောက်စဉ် ခွင့်ပြုချက်မရ၍ ကြာအင်းဆိပ်ကြီးမြို့မှ ပြန်လှည့်လာခဲ့ရခြင်း ဖြစ်သည်။
အဆိုပါ ဆုတောင်းပွဲသည် စစ်ကောင်စီ ညွှန်ကြားချက်နှင့် မလွှတ်ကင်းသည့်အတွက် ဒေသခံများက ကန့်ကွက် နေသလို ရဟန်းသံဃာ အမည်ခံကာ ငြိမ်းချမ်းရေးဆုတောင်းပွဲမှ တစ်ဆင့် မလိုလားအပ်သည့် ပြဿနာများ ဖြစ် လာနိုင်၍ ခွင့်မပြုခြင်းဖြစ်သည်ဟု ဘုရားသုံးဆူမြို့ တာဝန်ရှိသူတစ်ဦးက ယခုလို ပြောသည်။
“ဒီပွဲကို ဘယ်သူလမ်းညွှန်ချက်နဲ့ ဘယ်သူဦးဆောင်ပြီးတော့ လုပ်ဖို့ပြင်နေလဲဆိုတာ နာမည်တပ်မပြောချင်ဘူး။ ဒီပွဲက စစ်ကောင်စီကျင်းပတဲ့ နေပြည်တော် ငြိမ်းချမ်းရေးဖိုရမ်အဆက်လို့ ပြောလို့ရတယ်။ ဘုရားသုံးဆူမြို့က အခု ငြိမ်းငြိမ်းချမ်းချမ်းရှိတယ် ဆိုပြီး သူတို့ပြချင်တာလည်းပါတယ်။ ဒါပေမယ့် ဒီမှာလက်နက်ကိုင် အဖွဲ့ပေါင်းစုံ ရှိတယ်၊ ဒီလိုကာလမှာ ဒီလိုပွဲလုပ်ရင် မလိုလားအပ်တဲ့ပြဿနာအများကြီး ဖြစ်လာနိုင်တယ်။ ဒါကြောင့် အားလုံး တိုင်ပင်ပြီး ခွင့်မပြုသင့်ဘူးလို့ ဆုံးဖြတ်လိုက်ကြတာ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ၎င်းတို့၏ အာဏာတည်မြဲရေးနှင့် အကျိုးစီးပွားကို ထောက်ခံအားပေးရန်အတွက် လူမျိုးရေးနှင့် ဘာသာရေးကို အသုံးပြုနေသည်ဟု ဇူလိုင် ၅ ရက်နေ့တွင် ကျရောက်သည့် ၇၆ နှစ်မြောက် ကရင် အမျိုးသားတပ်မတော်နေ့သို့ ပေးပို့သည့် ကေအဲန်ယူ၊ ဥက္ကဌပဒိုကွယ်ထူးဝင်း၏ သဝဏ်လွှာ၌ ထောက်ပြထား သည်။
ပြီးခဲ့သည့် ဇွန် ၂၅ ရက်မှ ၂၇ ရက်ထိ စစ်ကောင်စီက နေပြည်တော်တွင် ငြိမ်းချမ်းရေးဖိုရမ် ပြုလုပ်ခဲ့ပြီး အဆိုပါဖိုရမ်သို့ ကရင်ပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ စစ်ကောင်စီနှင့် ဆက်ဆံရေးရှိသည့် လက်နက် ကိုင်အဖွဲ့ ဝင်များ၊ ယခင်ကေအဲန်ယူ၏ ခရိုင်ဥက္ကဌ ဟောင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြသည်ဟု သတင်း ထုတ်ပြန်ချက်များ၌ ဖော်ပြထားသည်။
လက်ရှိ ဘုရားသုံးဆူမြို့ကို ကေအဲန်ယူ၊ တပ်မဟာ(၆)၊ ဒူးပလာယာခရိုင်က အုပ်ချုပ်ရေးပိုင်းတာဝန်ယူထားပြီး မြို့ လုံခြုံရေးအတွက် ဒီမိုကရေစီအကျိုးပြု့ ကရင်တပ်မတော်-DKBA က တာဝန်ယူ လုပ်ဆောင်နေခြင်း ဖြစ်သည်။