Home သတင်း ဝါတွင်းကာလမရှောင် အကြမ်းဖက်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွား မည်ဟု NUG ပြော

ဝါတွင်းကာလမရှောင် အကြမ်းဖက်နေသည့် စစ်ကောင်စီကို အရေးယူနိုင်ရေး အစွမ်းကုန်ကြိုးပမ်းသွား မည်ဟု NUG ပြော

591
Photo- CJ

ဇူလိုင် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ လင်းတလူးရွာက စစ်ဘေးရှောင်များခိုလှုံရာ ဘုန်းကြီး ကျောင်းကို ဝါတွင်းကာလမရှောင် လေကြောင်းတိုက်ခိုက်ခဲ့သည့်လုပ်ရပ်အပါအဝင် အကြမ်းဖက်လုပ်ရပ် များအတွက် စစ်ကောင်စီကို အရေးယူနိုင်ရေး အစွမ်းကုန်ကြိုး ပမ်းသွားမည်ဖြစ်ကြောင်း NUG – အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာန-MOHR က ယမန်နေ့က ထုတ်ပြန်သည်။

စစ်ကိုင်းမြို့တောင်ဘက်တွင် လင်းတလူးရွာရှိ စစ်ဘေးရှောင်ပြည်သူ ၂၀၀ ဝန်းကျင် လာရောက်ခို လှုံနေသည့် သစ္စဝါဒီဘုန်းကြီးကျောင်းတိုက်နှင့်ဓမ္မာရုံကို ယမန်နေ့ ဇူလိုင်လ ၁၁ ရက်နေ့ မနက် ၁ နာရီခန့်က စစ်တပ်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးငယ်(၃)ဦးအပါအဝင် သေဆုံးသူ ၂၂ ဦးရှိခဲ့ပြီး စစ်ရှောင် ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

လေကြောင်းမှနေ၍ ပေါင်(၂၅၀)ဗုံးအပါအဝင် Rocket ဖြစ်ပစ်ခတ်ခံရမှုကြောင့် အသက်(၁၄)နှစ်အောက် ယောက်ျားလေး (၃)ဦး၊ အမျိုးသမီး (၁၅) ဦး၊ အမျိုးသား (၇)ဦး သေဆုံးခဲ့ပြီး နောက်ထပ်သေဆုံးသူရှိ လာနိုင်ကြောင်းလည်း NUG ၏ MOHR က ထုတ်ပြန်ထားသည်။

Photo- CJ

MOHR အနေဖြင့် အခါကြီးရက်ကြီးမရှောင် အရပ်သားပြည်သူများကို ဦးတည်တိုက်ခိုက်နေသည့် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များအတွက် အပြစ်ပေးအရေးယူနိုင်ရေး တာဝန်ယူကြိုး ပမ်းသွားမည်ဟု ထုတ်ပြန်ချက်တွင် ဆိုသည်။

ပြီးခဲ့သည့် ဇွန်လအတွင်း စစ်ကိုင်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားနေသောကြောင့် စစ်ဘေးရှောင်နေရသည့် ပြည်သူ တစ်သောင်းကျော်ရှိသည့်အနက် ကျေးရွာ(၄)ရွာမှစစ်ဘေးရှောင်များမှာ အဆိုပါကျောင်းတိုက်တွင် နေထိုင်ရင်း တိုက်ခိုက်ခံခဲ့ရကြောင်း NUG နှင့် ဒေသသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

စစ်ကောင်စီဝါဒဖြန့် လူမှုကွန်ရက်အကောင့်များကမူ လင်းတလူးရွာတွင် တော်လှန်ရေး တပ်ဖွဲ့များရောက်ရှိနေသည့် သတင်းပေးမှုအပေါ် စစ်တပ်က လေယာဥ်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဖြစ်သည်ဟု တုံ့ပြန်သည်။

စစ်ကောင်စီဗုံးကြဲမချခင် ရှေ့ရက်ကလည်း လေယာဥ်ပျံဝဲခြိမ်းခြောက်မှုများရှိခဲ့သလို သေဆုံးသူများမှာလည်း ဘုန်းကြီးကျောင်းတိုက်တွင်ရှိနေသည့် စစ်ဘေးရှောင်ပြည်သူများဖြစ်သည်။ ထို့အပြင် စစ်ကိုင်းတိုင်းအတွင်းရှိ ဘုန်းကြီးကျောင်းများတွင် တော်လှန်ရေးတပ်များတပ်မစွဲကြောင်း ဖြစ်စဥ်နေရာတွင်ရှိနေသူများ၏ ပြောကြားချက်ကို ကိုးကားပြီး မီဒီယာများကဖော်ပြသည်။

Photo- CJ

ဥာဏ်လင်းသစ် သုတေသနအဖွဲ့၏ မှတ်တမ်းအရ အာဏာသိမ်းထားသည့် ၂၀၂၁ ခုနှစ်မှ ၂၀၂၄ ဒီဇင်ဘာအထိ အများအားဖြင့် စစ်ကောင်စီကျုးလွန်သည့်ပြစ်မှုများကြောင့် လူ ၅ ဦးနှင့်အထက် အစုလိုက်အပြုံလိုက်သေဆုံးမှု ဖြစ်စဥ်ပေါင်း ၃၆၀ ထက်မနည်းတွင် ရှိခဲ့ပြီး အရပ်သား ၃ ထောင်ကျော်သေဆုံးခဲ့သည့်အနက် အများဆုံးမှာ စစ်ကိုင်းတိုင်းက ဖြစ်သည်။

ထို့အတူ ပြီးခဲ့သည့် မေလက စစ်ကိုင်းတိုင်း အိုးတိန်တွင်းရွာစာသင်ကျောင်းကို စစ်တပ်ကလေ ကြောင်းဗုံးကြဲခဲ့သည့် ဖြစ်စဥ်အပါအဝင် နိုင်ငံတဝှမ်း အရပ်သား ၁၀ ဦးနှင့်အထက် အစုလိုက် အပြုံလိုက်သေဆုံးခဲ့ရမှုပေါင်း ၈၀ ထက်မနည်းရှိပြီး စစ်ကိုင်းတိုင်းမှ‌သေဆုံးသူအများဆုံးရှိခဲ့ကြောင်းလည်း ကပြင်ရပ်ဝန်း-ISP Myanmar က ပြုစုထားသော မှတ်တမ်းတွင် ဖော်ပြထားသည်။