ဇူလိုင် ၃၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၌ စစ်ကောင်စီတပ်စခန်းအနီးတွင် မိုင်းနင်းမိ၍ အသက် ၄၂ နှစ်အရွယ် အမျိုးသားတစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံ လူမှုကယ်ဆယ်ရေးအဖွဲ့များက ကေအိုင်စီသို့ ပြောဆိုသည်။
ဒဏ်ရာရသူမှာ ထီဖိုးကိန်ကျေးရွာအုပ်စု၊ ရွာသစ်ရွာတွင် နေထိုင်သူဖြစ်ပြီး ယမန်နေ့ ဇူလိုင် ၂၉ ရက်နေ့ ညနေ ၆ နာရီခန့်က လှိုင်းဘွဲမြို့အထွက် ကွမ်ဘီလမ်းရှိ A1 တာယာဆိုင်အနီး တပ်စခန်းဧရိယာသို့ အပေါ့သွားစဉ် မိုင်းနင်းမိခြင်းဖြစ်သည်။
မြေမြှုပ်မိုင်းနင်းမိမှုကြောင့် ဘယ်ဘက်ခြေဖျားအပြည့်အစုံ ပျက်စီးသွားခဲ့ပြီး ဒဏ်ရာအလွန်ပြင်းထန်နေသဖြင့် ဒေသခံကယ်ဆယ်ရေးအဖွဲ့မှ အရေးပေါ်ကုသမှုများပြုလုပ်ကာ ဖားအံဆေးရုံသို့ ပို့ဆောင်ကာ ခွဲစိတ်ကုသမှု ခံယူနေရသည်ဟု သိရသည်။
မြို့ခံ ကယ်ဆယ်ရေးသမားတစ်ဦးက “မနေ့ညက ဖားအံဆေးရုံကို ပို့လိုက်ပြီး ဒီမနက်က ခွဲစိတ်ခန်းဝင်တယ်။ ခြေဖျားပြတ်ပြီးတော့ ဖြတ်ဖို့တောင်လိုလာတာ” ဟု ပြောသည်။
အဆိုပါ မိုင်းနင်းမိမှုဖြစ်ပွားသည့်နေရာသည် စစ်ကောင်စီတပ်က မိုင်းထောင်ထားသောဧရိယာဖြစ်ကြောင်း ဒေသခံများက ပြောသည်။ ယခင်က အဆိုပါဧရိယာတွင် တိရစ္ဆာန်များသာ မိုင်းနင်းမိဖူးပြီး ယခုလို လူနင်းမိမှုမှာ ပထမဦးဆုံး ဖြစ်ပွားခြင်းဖြစ်သည်ဟုလည်း မြို့ခံကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောသည်။
ဒေသခံများအနေဖြင့် ထိုကဲ့သို့သော အန္တရာယ်ရှိသည့်နေရာများတွင် သတိပေးအမှတ်အသားများ ထားရှိရန်နှင့် မလိုအပ်သည့်အခါ စစ်ကောင်စီတပ်စခန်းအနီးအနားသို့ မသွားရောက်ရန် ရပ်မိရပ်ဖတာဝန်ရှိသူများက သတိပေးထားသည်။



















