ဇူလိုင် ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာတစ်ချို့တွင် နယ်ခြားစောင့်တပ် (BGF)၏ တပ်ဖွဲ့ဝင်သစ်အဖြစ် စုဆောင်းခံရသည့် လူငယ်လူရွယ်များ စစ်သင်တန်းတက်ရန်အတွက် ထောက်ပံ့ကြေးစရိတ်များ ကောက်ခံမှုရှိနေသည်ဟု သတင်းများထွက်ပေါ်လျက်ရှိသည်။
ဒေသတွင်း သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ လှိုင်းဘွဲမြို့နယ်အတွင်း လှုပ်ရှားနေသည့် BGF တပ်နယ် (၁)နှင့် (၂) လက်အောက်ခံတပ်များသည် ထိုဒေသရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်ပေါင်း၍ စစ်သင်တန်း တက်ရောက်မည့် တပ်သားသစ်များအတွက် သင်တန်းစရိတ်နှင့် စားစရိတ်ဟုဆိုကာ ကျေး ရွာရှိ ပြည်သူများထံ ငွေကြေး ကောက်ခံနေခြင်းဖြစ်သည်ဟု ဆိုသည်။
“ ရွာအတွက် လုံခြုံရေးနဲ့ ကာကွယ်ရေးတဲ့။ ၂ လ သင်တန်းကို ၁ သိန်းကျော် တောင်းတယ်။ ရွာသား တွေကလည်း မပေးရဲရင် မနေရဲကြဘူး။ မရှိတဲ့သူတွေကျတော့ ချေးပြီးပေးရတာပေါ့။ တချို့တဝက်က ရွာလူကြီး လုပ်စားတာလည်းပါတယ်” ဟု အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်သင်တန်းကို ယောက်ျားလေးဖြစ်စေ၊ မိန်းကလေးဖြစ်စေ မည်သူမဆိုတက်၍ရကြောင်း၊ သင်တန်းကာလ နှစ်လတာဖြစ်ပြီး သင်တန်းပြီးလျှင် ငွေကြေးပြန်လည်ထောက်ပံ့မည်ဖြစ်ကြောင်း ပြောဆိုထားသည်ဟု အဆိုပါဒေသခံက ဖြည့်စွက်ပြောသည်။
၎င်းအပြင် ရပ်ရွာလုံခြုံရေးအတွက် စစ်သင်တန်းရမည့် လူဦးရေကို BGF တာဝန်ရှိသူက ထိုဒေသရှိ တစ်ရွာကို အနည်းဆုံး ၁၀ ဦးကျော်ခန့် စုဆောင်းပြီး လှိုင်းဘွဲမြို့နယ်ရှိ ကြာအင်းစံပြကျေးရွာတွင် စစ်သင်တန်းတက်ရန်ပေးပို့ခဲ့သည်ဟု သိရသည်။
၎င်းကိစ္စပတ်သက်၍ BGF ထိပ်ပိုင်းအရာရှိတစ်ဦးက “ စစ်သားခေါ်တာတော့ ဟုတ်တယ်။ စစ်သင် တန်းလာတက်တဲ့ကလေးတွေကိုလည်း BGF က တစ်လဘတ်ငွေ ၃၀၀၀၊ ၄၀၀၀ ထောက်ပံ့ပေး တာလည်းရှိတယ်။ ရွာလူကြီးတချို့က ဒီလိုပိုက်ဆံတောင်းတာတွေ လုပ်ရင်လည်းလုပ်မှာပေါ့။ ကျနော် တို့ သေချာမသိဘူး။ BGF ထဲမှာတော့ ဒီလိုလုပ်ဆောင်တာရှိရင် ကျနော်တို့ ခွင့်မပြုဘူး။ သိရင်လည်း အရေးယူတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်နေ့၌ မြဝတီမြို့နှင့် ရွှေကုက္ကိုမြို့သစ် အခြေစိုက်ထားသည့် စခန်းတွင် BGF ကွပ်ကဲရေးဌာနချုပ် အမှတ် (၃) စစ်ဒေသမှ ကြီးမှူးဖွင့်လှစ်ခဲသည့် အပတ်စဉ် (၄) ကွယ်သူးအထူးတပ်ဖွဲ့ စစ်သင်တန်းတွင် သင်တန်းသားဦးရေ ၃၀၀ ဝန်းကျင် တက်ရောက်ခဲ့ကြောင်း ဒေသတွင်းသတင်းများက ဖော်ပြသည်။
အလားတူ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းတွင်လည်း BGF မှ ၃ လတာ စစ်သင်တန်းတစ်ခု ပြုလုပ်ခဲ့ပြီး အခြေခံ စစ်သင်တန်းအပြင် လက်နက်ကြီးသင်တန်းကို ထည့်သွင်းပို့ချကာ တပ်ဖွဲ့ဝင် စုစုပေါင်း ၁,၅၀၀ ကို သင်တန်းဆင်းပေးနိုင်ခဲ့သည့်အနက် အမျိုးသမီးတပ်ဖွဲ့ဝင် ၁၀၀ ခန့်ပါဝင်ခဲ့သည်ဟု သိရသည်။