Home သတင်း လောင်းလုံး ပန်းတင်အင်းရွာကို စစ်ကောင်စီ စစ်ကြောင်းထိုး ဒေသခံ ၂ ဦး သေဆုံး

လောင်းလုံး ပန်းတင်အင်းရွာကို စစ်ကောင်စီ စစ်ကြောင်းထိုး ဒေသခံ ၂ ဦး သေဆုံး

679
Photo: Social Media

ဇူလိုင် ၃၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ် ပန်းတင်အင်းရွာကို စစ်ကောင်စီက ဇူလိုင် ၂၉ ရက်နေ့၊ နံနက်ပိုင်း တွင် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာပြီး လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးသွားသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူနှင့် ဒေသခံတို့က ပြောသည်။

အဆိုပါ စစ်ကောင်စီ စစ်ကြောင်းကို လောင်းလုံး ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များက ကြားဖြတ်တိုက်ခိုက် သည့်အတွက် ယမန်နေ့က နှစ်တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု ၎င်းတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ယခုလို ပြောသည်။

“အခုလက်ရှိမှာ တိုက်ပွဲ ငြိမ်နေတယ်။ မနေ့က စစ်ကြောင်းက ထားဝယ် ရေနက်ဆိပ်ကမ်းဘက်ကို သွားမယ့် စစ်ကြောင်းလို့တော့ ကျနော်တို့အနေနဲ့ သိထားတယ်။ အဲ့တာကြောင့် လမ်းမှာဖြတ်တိုက်တာပါ။ ဒီစစ်ကြောင်း တွေက အများအားဖြင့် စာသင်ကျောင်းမှာ တပ်စွဲနေထိုင်ကြတာ များပါတယ်” ဟု လောင်းလုံး ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ဝင်တစ်ဦးက ပြောသည်။

ယခုလိုနှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေအချိန်အတွင်း လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ-၁၀၄) နှင့် မောင်းမကန် ရဲစခန်းက လက်နက်ကြီးပစ်ကူပေး ပစ်ခတ်မှု ဆက်တိုက်လုပ်ဆောင်ခဲ့ရာ ဒေသခံ ၂ ဦး လက်နက်ကြီးစ ထိမှန် သေဆုံးခဲ့သလို ၆ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု လောင်းလုံးမြို့နယ် ဒေသခံတစ်ဦး က ပြောဆိုသည်။

“မနေ့ကဆို လက်နက်ကြီးတွေ ဆက်တိုက်ပစ်တော့ ပြေးနေတဲ့သူတွေလည်း ရှိတယ်။ သေဆုံးသူက ဘယ်သူ လည်းဆို တာတော့ စုံစမ်းနေတုန်းပါဘဲ။ ထိခိုက်ဒဏ်ရာရတဲ့ သူတွေကတော့ နီးစပ်ရာနေရာတွေမှာ ဆေးကုသမှု ခံယူနေပြီးတော့ မနေ့ကဆို နေအိမ် ထိခိုက်ပျက်စီးမှုတွေလည်း ရှိပါတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ပြီးခဲ့သည့် ဇွန်လတွင်း ထားဝယ် ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင်စုစုပေါင်း ၁၈,၀၀၀ ဦး ကျော်အထိ မြင့်တက်ခဲ့ကြောင်း FE 5 Tanintharyi သုတေသန အဖွဲ့၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

အလားတူ ပြီးခဲ့သည့် ဇူလိုင်၂၅ ရက်နေ့တွင်လည်း ပုလောမြို့နယ်၊ ဇရပ်ဆိပ် ကျေးရွာအတွင်းသို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်များက လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ၁၀ ဦး လက်နက်ကြီးစထိမှန် သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့သည်ဟု နီးစပ်ရာ စစ်ဘေးရှောင်ကူညီသူများက ပြောဆိုသည်။