Home သတင်း လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာသူ ‘သုခ’စခန်းမှူး ဗိုလ်ကြီးစောမိုးဇက်ကို KNU ဂုဏ်ပြုကြိုဆို

လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာသူ ‘သုခ’စခန်းမှူး ဗိုလ်ကြီးစောမိုးဇက်ကို KNU ဂုဏ်ပြုကြိုဆို

1006
Photo: KNU

ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်-ထားဝယ် ခရိုင်၊ တပ်မဟာ(၄)နယ်မြေရှိ စစ်ကောင်စီ၏ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ၊ ခြေလျင်တပ်ရင်း (ခလရ-၂၈၂) ‘သုခ’ မဆုတ်တမ်း စခန်းမှ လက်နက်နှင့်တကွ ဘက်ပြောင်းခိုလှုံလာသူ ဗိုလ်ကြီးစောမိုးဇက်အား ဂုဏ်ပြုကြိုဆိုကြောင်း တပ်မဟာ(၄)ဘက်က ယနေ့ ထုတ်ပြန်သည်။

ခလရ-၂၈၂ မှ တပ်ခွဲမှူး၊ စစ်ကြောင်း(၂)၏ စစ်ကြောင်းမှူးလည်းဖြစ်သည့် ဗိုလ်ကြီး မြင့်ဆွေဦး (ခ) စောမိုးဇက်မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ သုခစခန်းကို ဝင်ရောက်သိမ်းမပိုက်မီ ဇူလိုင်လ ၁ ရက်နေ့ကတည်းက တပ်မဟာ(၄) တပ်ရင်း(၁၀)သို့ ဆက်သွယ်ကာ ဘက်ပြောင်းခိုလှုံလာသည်ဟု ထုတ်ပြန်ချက်ကဖော်ပြသည်။

ထို့ကြောင့် စစ်အာဏာရှင်စနစ်အုပ်ချုပ်မှုကိုဆန့်ကျင်ပြီး မိမိသဘောဆန္ဒဖြင့် လက်နက်ခဲ ယမ်းအပြည့်အစုံနှင့်တကွ ရောက်ရှိလာသူ ဗိုလ်ကြီးစောမိုးဇက်အား ကေအဲန်ယူ တပ်မဟာ(၄)အနေဖြင့် ဂုဏ်ပြုကြိုဆိုသည်ဟု ဆိုသည်။

ဗိုလ်ကြီးစောမိုးဇက်မှာ ၂၀၀၀ ခုနှစ် အောက်တိုဘာလမှစ၍ ကရင်နီပြည်နယ်၌ စစ်မှုထမ်းတာဝန် စတင် တာဝန်ထမ်းဆောင်လာခဲ့သူဖြစ်ပြီး ယခုရာထူးတာဝန်အထိ စစ်သားသက်တမ်း ၂၅ နှစ်တာရှိသူ ဖြစ်ကြောင်း ယနေ့ ၎င်းနှင့် ကေအိုင်စီ တိုက်ရိုက်ပြုလုပ်သည့် အင်တာဗျူးအတွင်း သိရသည်။

ဗိုလ်ကြီးစောမိုးဇက်က “အဓိကတော့ အဖွဲ့အစည်းပေါ့။ ကျနော်၂၅နှစ်တာလုံး တာဝန်ထမ်းဆောင်လာတဲ့အဖွဲ့အစည်းက နည်းလမ်းမှန်လားပေါ့။ အဲ့ဒီမှာတာဝန်ထမ်းဆောင်လေလေ ပြည်သူမုန်းတာပဲခံရမယ်။ ပြည်သူကယုံကြည်စိတ်ချရတဲ့သူဖြစ်ချင်တယ်။ လမ်းသွားရင် တောင်သူတို့လှည့်မကြည့်ချင်တဲ့ဘဝမျိုးက လွတ်မြောက်ချင်တယ်။ အဓိကတော့ ဒါကြောင့်ဘက်ပြောင်းလာတာပါ။” ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် လပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ် ထီးခီးဒေသရှိ စစ်ကောင်စီစခန်းအားလုံးကို သိမ်းပိုက် ထားသည့် KNLA ပူးပေါင်းတပ်က ထီးခီးမြောက်ဘက်၊ သုခစခန်းကို ထားဝယ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်-TPLF၊ ကျောင်းသားတော်လှန်ရေးတပ်၊ သာဂရစစ်ကြောင်းနှင့် ဒရုန်းတပ်ဖွဲ့၊ ဗထူးတပ်မတော် ဒရုန်းရဲဘော်များ၊ ဝေဟင်တပ်ဖွဲ့ ဒရုန်း ရဲဘော်များ၏အင်အားဖြင့် ဇူလိုင်လ ၇ ရက်နေ့က ထပ်မံသိမ်းလိုက်နိုင်ခြင်းဖြစ်သည်။

သုခစခန်းသိမ်းပိုက်စဥ်က စခန်းတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်မှာ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလွတ်မြောက်ခဲ့သော်လည်း ၎င်းတို့ပိုင်ဆိုင်သော လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိခဲ့ကြောင်း တပ်မဟာ(၄)ဘက်က တဆက်တည်းထုတ်ပြန်ခဲ့သည်။

ထီးခီးနယ်စပ်ရှိ စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများတလျှောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးသွားမှုသာ ရှိခဲ့သော်လည်း ယခုလိုအရာရှိအဆင့်စစ်သည်မှ တပ်မဟာ(၄)ထံ ဘက်ပြောင်းခိုလှုံလာမှုက ပထမဆုံးတွေ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များထံ ဘက်ပြောင်းခိုလှုံလာသူ စစ်ဘက်၊ ရဲဘက်၊ ပြည်သူ့စစ်နှင့်စစ်မှုထမ်းတပ်သားသစ် စုစုပေါင်း ၁၆၃ ဦးအထိရှိခဲ့ပြီး ၎င်းအနက် တနင်္သာရီတိုင်းမှ စစ်သားအယောက် (၂၀) ရှိခဲ့ကြောင်းလည်း စာရင်းပြုစုနေသည့် ပြည်သူ့ ပန်းတိုင်အဖွဲ့က ဇူလိုင်လ ၉ ရက်နေ့တွင် ဖော်ပြသည်။