ဇူလိုင် ၃၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ပိုင်း၊ ကွမ်ကျိုက်ကျေးရွာအနီးရှိ စစ်ကောင်စီကင်းစခန်းတစ်ခုကို မွန်ပြည်ဖက် ဒရယ် ကောင်စီ (MSFC) ကာကွယ်ရေးဌာန အောက်ရှိ ပူးပေါင်းတပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂) ဦး သေဆုံးသွားသည်ဟု မွန်ပြည်တော်လှန်ရေးတပ် (MSRF)က ယနေ့နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ စစ်ကောင်စီ ကာကင်းစခန်းကို မွန်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဇူလိုင် ၃၀ ရက်နေ့၊ နေ့လည် ၁၁ နာရီဝန်းကျင် အချိန်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု မွန်ပြည်တော်လှန်ရေးတပ်(MSRF) ပြောရေး ဆိုခွင့်ရှိသူ မိတလညဏ် က ယခုလို ပြောသည်။
“ပထမတိုက်ပွဲမှာတော့ စကစ (၃) ဦးက နေရာမှာ သေဆုံးခဲ့တယ်။ နောက်ထပ် နှစ်ဦးမှာ တစ်ဦးကတော့ ပြင်းထန် ဒဏ်ရာ ရရှိခဲ့တာကို မျက်မြင်တွေ့ရှိပြီးတော့ အတည်ပြုနိုင်ခဲ့တယ်။ ဒုတိယတိုက်ပွဲမှာကတော့ ကျမတို့ဝင်ရောက် ပစ်ခတ်ခဲ့တယ်။ စကစနဲ့ နီးစပ်တဲ့သူကနေတစ်ဆင့် သေဆုံးတယ်ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်” ဟု ၎င်းက ပြောဆိုသည်။
ထို့အပြင် နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှလက်နက်ကြီး အကြိမ် (၃၀) ခန့် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သော်လည်း မွန်ပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များ တစ်စုံတစ်ရာထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာ ခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့တွင်လည်း မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံ အနင်းကျေးရွာ ရဲစခန်းမှထွက်လာသည့် အင်အား ၄၀ ဝန်းကျင်ရှိ စစ်ကောင်စီတိုက်ကင်းကို မွန်ပြည်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ချုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး ၂ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ မွန်တော်လှန်ရေးအဖွဲ့များက ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
အဆိုပါ နှစ်ရက်တာ စစ်ဆင်ရေးကို မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ကာကွယ်ရေးဌာန လက်အောက်ရှိ တပ်များ ဖြစ်သည့် မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ရေးပြည်သူ့ကာကွယ်ရေးတပ် (YPDF) နှင့် မဟာမိတ်ပူး ပေါင်း တပ်ဖွဲ့ဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၇)၊ တပ်ခွဲ (၁) တို့ ပူးပေါင်း ပါဝင်ခဲ့ကြောင်း သိရသည်။


















