Home သတင်း မြဝတီတွင် လူ ၁၀၀ ကျော် စစ်ကောင်စီ တပ်သားသစ်စုဆောင်းခြင်း ခံရ

မြဝတီတွင် လူ ၁၀၀ ကျော် စစ်ကောင်စီ တပ်သားသစ်စုဆောင်းခြင်း ခံရ

465
Photo: CJ

ဇူလိုင် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ပေါ်၌ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပျူစေထီး အဖွဲ့ဝင်ဆိုသူများ၏ ဖမ်းဆီးခြင်းကို ခံရပြီး တပ်သားသစ်စုဆောင်းခံရသူ ၁၀၀ ဦးကျော်ရှိသည်ဟု ကိုယ်တိုင်ကြုံ ခဲ့ရသူများနှင့် မြို့ခံတို့က ပြောသည်။

အဆိုပါ စစ်ကောင်စီ လက်အောက်ခံ အဖွဲ့ဝင်များက မြဝတီမြို့ပေါ် ရပ်ကွက် ၇ ခုအတွင်းရှောင်တခင် ဖမ်းဆီးပြီး နောက်စစ်သင်တန်းပို့ဆောင်ခြင်း ဖြစ်သည်ဟု ထိုအခြေအနေကို သိထားသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“လူစုံ နေရာစုံကိုဖမ်းတာ၊ ရပ်ကွက်တိုင်းမှာဖမ်းတယ်။ အခုလက်ရှိဆိုရင် လူအယောက် ၁၀၀ ကျော် ၂၀၀ လောက် ရှိနေပြီး ဖမ်းတာ။ ဒါပေမယ့် အချိန်မှီ ပြန်ရွေးထုတ်တဲ့ လူတွေလဲ ရှိတယ်။ အုပ်ချုပ်ရေးမှူးတွေနဲ့ ပျူတွေ၊ ပြည်သူ့စစ်တွေက ဖမ်းတာ။ သတင်းကြားတာက BGF တပ် မှာစစ်သင်တန်း ပေးတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် မြဝတီ ရပ်ကွက်များထဲရှိ အိမ်နှင့် ဆိုင်တန်းလျာဆောင်များ၌ ဖမ်းဆီးပြီး စစ်ကောင်စီ ခလရ-၂၇၅ တပ်၌လည်း အခြေခံစစ်သင်တန်း ပေးပြီးနောက် ရပ်ကွက် လုံခြုံရေးအဖွဲ့ အဖြစ်ဖွဲ့စည်းကာ လက်နက် တပ်ဆင် ပေးထားသည်ဟု မြို့ခံတို့က ပြောဆိုသည်။

လက်ရှိ မြဝတီမြို့ လုံခြုံရေးကို ကရင်နယ်ခြားစောင့်တပ်-BGF က အဓိက တာဝန်ယူထားသည့် အခြေအနေမျိုး တွင် စစ်ကောင်စီ အုပ်ချုပ်ရေးပိုင်းက တပ်သားသစ်စုဆောင်းခံရမှုများ ထွက်ပေါ်လာသည့်အပေါ် မြို့ခံတို့က သဘောမကျ ဖြစ်နေသည်ဟု ဖမ်းဆီးစစ်သားစုဆောင်းခြင်းခံရသူ မိသားစုဝင်တစ်ဦး ယခုလို ပြောသည်။

“ဗိုလ်မှူးကြီးစောချစ်သူက ပြောထားတယ်။ အေးဆေးနေပါ သူတို့စောင့်ရှောက်မယ်။ စိတ်မပူနဲ့ပေါ့၊ အခုအုပ်ကြီး တွေနဲ့ ပျူတွေ၊ ပြည်သူစစ်တွေက အိမ်တွေစစ်တယ်ဆိုပြီး အိမ်က သားနဲ့ တူလေးကိုဖမ်းတယ်။ BGF တပ်ရင်းကို စစ်သင်တန်းပို့တယ်။ လိုက်ပြန်ရွေးထုတ်ရတာ သိန်း ၄၀ ကုန်တယ်။ ဘယ်သူမှ အကာအကွယ် မပေးဘူး။ မြဝတီ မှာကရင်လက်နက်ကိုင် အဖွဲ့အစည်း အစုံရှိတယ်။ အားကိုးလို့ မရဘူး။ အခုသားသမီးတွေ မိသားစုတွေ မလုံခြုံ တော့ဘူး” ဟု ၎င်းက ပြောသည်။

လက်ရှိ မြဝတီတွင် အုပ်ချုပ်ရေးမှူးနှင့် ပျူစောထီး အဖွဲ့ဝင်များ ညပိုင်းတွင် လှည့်လည်ကာ အိမ်တန်းလျာများနှင့် လမ်းပေါ်ထွက်လူငယ်များကို ဖမ်းဆီးကာ BGF မဲကနယ်ကျေးရွာရှိ ၁၀၂၂ BGF တပ်ရင်းသို့ ပို့ဆောင်နေသည်ဟု အုပ်ချုပ်ရေးမှူးများနှင့် နီးစပ်သူ သတင်းရင်းမြစ် က ပြောသော်လည်း သီးခြားအတည်ပြု၍ မရ ဖြစ်နေသည်။