ဇူလိုင် ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၇)နယ်မြေရှိ ဌာနချုပ်ဟောင်းမာနယ်ပလောဒေသ ရရှိရေးအတွက် စစ်ဆင်ရေးတွင်တိုက်ပွဲဝင်ခဲ့ကြသော ရဲဘော် ၅၇ ဦးအား ယမန်နေ့ (ဇူလိုင်လ ၁၆ ရက်) ကျင်းပသည့် ၇၈ နှစ်မြောက် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO နေ့ အခမ်းအနား၌ ဂုဏ်ပြု လွှာများချီးမြှင့်ခဲ့သည်။
ဖားအံခရိုင်ရှိ KNDO ဗဟိုဌာနချုပ်တွင် ကျင်းပသည့် အခမ်းအနား၌ မာနယ်ပလောဒေသ ပြန်လည်ရရှိရေး ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော KNDO တပ်ဖွဲ့ဝင် ၄၁ ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး – ABSDF တပ်ဖွဲ့ဝင် ၁၀ ဦးနှင့် Federal Wings ဒရုန်း တပ်ဖွဲ့ဝင် ၆ ဦး စုစုပေါင်း ရဲဘော် ၅၇ ဦးတို့ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ဗဟိုမှ ဂုဏ်ပြုမှတ်တမ်းလွှာချီးမြှင့်ပေးခဲ့ခြင်း ဖြစ်သည်။
KNDO ဒုတိယစစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောလားဒိုထူးက “ သူတို့တွေကို ဂုဏ်ပြုတာက ကျနော်တို့နယ် မြေကို ပြန်ရဖို့ ၊ ရန်သူကို တိုက်ထုတ်ဖို့အတွက် သူတို့တွေက ရဲရင့်တဲ့စိတ်ဓာတ်ရှိသူတွေဖြစ်တယ်။ စိတ်အား ထက်သန်မှုရှိတဲ့သူတွေဖြစ်တယ်။ သူတို့ပေးဆပ်ခဲ့သလို အောင်မြင်မှုရတယ်။ ဒီအောင်မြင်မှုက အင်မတန်မှ တန်ဘိုးရှိပါတယ်။ ဒီအနစ်နာခံပေးဆပ်မှုမျိုးမရှိရင် အဲဒီနေရာကို ပြန်ရဖို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ကို တန်ဘိုးထားတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် ကေအဲန်ယူ ဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ပြန်ရရှိရေးအတွက် စစ်ဆင်ရေးတွင် တိုက်ပွဲ ဝင်ခဲ့ကြသော ရဲများအား ဂုဏ်ပြုလွှာများပေးအပ်ချီးမြှင့်ခြင်းအပြင် KNDO တပ်ဖွဲ့ဝင် ၈ ဦးကိုလည်း တာဝန်ရာ ထူးတိုးပေးခဲ့သည်။

“ရာထူးတိုးပေးတာနဲ့ ပတ်သက်ပြီး သူတို့ကိုယ်တိုင် ပေးဆပ်ပါဝင်ခဲ့လို့ ထိုက်သင့်တဲ့ တာဝန်နဲ့ ခေါင်း ဆောင်နိုင်တဲ့ စွမ်းရည်ရှိလို့ အဖွဲ့အစည်းက ပေးအပ်တာဖြစ်တယ်။ ဘာလို့ဆို သူတို့ကို တာဝန်ပေးတဲ့ အတွက် သူတို့ရဲ့ စွမ်းဆောင်ရည်တွေ မြင့်လာမယ်။ နောက်ပြီး ရှေ့လျှောက် ခေါင်းဆောင်ဖြစ်လာတဲ့အခါ လူမျိုးကို ချစ်ပြီး၊ တိုင်း သူပြည်သားတွေက ယုံကြည်တယ်၊ ခေါင်းဆောင်တွေကလည်း ယုံကြည်တဲ့အတွက် အကောင်းဆုံးကြိုးစားပြီး အကောင်းဆုံးလုပ်ဆောင်မှာဖြစ်တယ်”ဟု ဗိုလ်မှူးကြီး စောလားဒိုထူး ဆက်ပြောသည်။
ယမန်နေ့ အခမ်းအနားသို့ ဗိုလ်မှူးချုပ် စောရှီးလေ၊ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး စောလားဒိုထူး ၊ ကရင်လူငယ် အစည်းအရုံး-KYO၊ KNDO တပ်ဖွဲ့ဝင်များ၊ ကျောင်းသားလူငယ်များ အပါအဝင် ကရင်လူထု ၅၀၀ ဝန်းကျင် တက်ရောက်ဂုဏ်ပြုခဲ့ပြီး KNDO စစ်ဦးစီးချုပ်မှ မိန့်ခွန်းပြောကြားခြင်း၊ သက်ဆိုင်ရာ တာဝန်ရှိသူများက KNDO နေ့သို့ ပေးပို့လာသော သဝဏ်လွှာများနှင့် KNDO နေ့ဖြစ်ပေါ်လာပုံ သမိုင်းအကျဥ်းဖတ်ကြားခဲ့သည်။ ထို့နောက် မာနယ်ပလော တိုက်ပွဲဝင် ရဲဘော်များအား ဂုဏ်ပြုလွှာ များချီးမြှင့်ခြင်းနှင့် တပ်ဖွဲ့ ၈ ဦးအား ရာထူးတိုးပေးသည့်အစီအစဉ်ပြုလုပ်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
အခမ်းအနားသို့ တက်ရောက်လာသူ လူငယ်တစ်ဦးကလည်း “ အခုတော့ မာနယ်ပလောကို ပြန်ရတဲ့အတွက် ကိုယ် ကရင်မျိုးတွေရဲ့အောင်မြင်တဲ့ လှုပ်ရှားမှုကို ဖော်ဆောင်စေခဲ့တယ်။ အရင်က လုပ်ဆောင်ခဲ့တာတွေ ကောင်းလို့ နောက်လိုက်တွေအနေနဲ့ ပူးပေါင်းလုပ်ဆောင် နိုင်ခဲ့တယ်။ ဒါကြောင့် အရင်က လုပ်ဆောင်ပေးခဲ့တဲ့ ခေါင်း ဆောင်တွေကို အထူးကျေးဇူးတင်တယ်” ဟု ၎င်းက ကေအိုင်င်စီသို့ ပြောသည်။
မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးကာလ ကရင့်အမျိုးသားလှုပ်ရှားမှုမှသည် လက်နက်ကိုင်တိုက်ပွဲအဆင့်သို့ ရောက်ရှိ လာနိုင်ပြီး ဖြစ်ပေါ်လာနိုင်မည့်အန္တရာယ်များမှ ပြည်သူလူထုကိုကာကွယ်စောင့်ရှောက်ရန် ရည်ရွယ်၍ KNDO ကို ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။



















