မာနယ်ပလောတိုက်ပွဲ ဂုဏ်ပြုလက်မှတ်ရ KNDO တပ်ဖွဲ့ဝင်တွေရဲ့ ရင်တွင်းစကား
ဇူလိုင် ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
KNU-ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုဌာနချုပ်ဟောင်း မာနယ်ပလောဒေသ ပြန်လည်သိမ်းပိုက်ရေးမှာ ရဲရဲဝံ့ဝံ့ပါဝင် တိုက်ပွဲဝင်ခဲ့ကြတဲ့ တော်လှန်ရေးရဲဘော်တွေ ဂုဏ်ပြုလက်မှတ် ချီးမြှင့်ခံရတဲ့အပေါ် သူတို့ရဲ့ ရင်တွင်းစကားတွေကို တင်ဆက်ပေးလိုက်ပါတယ်။
ဗိုလ်မှူးကြီး စောဖါးဒါး (ဂုဏ်ပြုဆုချီးမြှင့်ခံရသူ)
မာနယ်ပလောနဲ့ပတ်သက်ပြီး ဂုဏ်ပြုဆုချီးမြှင့်ခံရတာနဲ့ပတ်သက်ပြီး ၁၉၉၅ ခုနှစ်ကစပြီး ရန်သူ့လက်ထဲ ကျရောက်သွားပြီးတဲ့နောက် ၂၀၂၄ ခုနှစ်မှာမှ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာကြောင့် အသိအမှတ်ပြု ချီးမြှင့်တာဖြစ်ပါတယ်။ ဆက်လက်ပြီး လုပ်စရာတွေအများကြီးရှိပါသေးတယ်၊ မပြီးဆုံးသေးပါဘူး။
ကျနော်တို့ရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့အနေနဲ့ ချီးမြှင့်တာဖြစ်တဲ့အတွက် အများကြီးဝမ်းသာပါတယ်။ တိုင်းပြည်နဲ့လူမျိုးအတွက်ကတော့ အစီအစဉ်တွေမပြီးဆုံးသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ တော်လှန်ရေးက မပြီးဆုံးသေးပါဘူး။ အဲဒါကြောင့်မို့လို့ ရန်သူနဲ့ပတ်သက်ပြီး အစီအစဉ်တွေအများကြီးရှိပါသေးတယ်။
ဗိုလ်ကြီးစောခူ (ဂုဏ်ပြုဆုချီးမြှင့်ခံရသူ)
ကျနော်တို့ ဂုဏ်ပြုမှတ်တမ်းလွှာကိုချီးမြှင့်ခံရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ပါတယ်။ အဲဒါတွေက ကျနော်တို့ရဲ့ အနစ်နာခံမှုကြောင့် ဂုဏ်ပြုပေးအပ်တာဖြစ်တယ်လို့ ကျနော်တို့ခံယူပါတယ်။ ကျနော်တို့ ရည်မှန်းချက်ပန်းတိုင်ရောက်ရှိဖို့အတွက် အမြဲတမ်းရည်မှန်းချက်ရှိပါတယ်။ ဂုဏ်ပြုချီးမြှင့်ခံရတဲ့အတွက် စစ်ဓါတ်ခွန်အားပိုရှိလာတယ်လို့ ခံစားရပါတယ်။ ကျနော်တို့မျှော်မှန်းချက်ရှိတဲ့အတိုင်း ခေါင်းဆောင်တွေရဲ့ လမ်းညွှန်မှုနဲ့ မာနယ်ပလော တစ်ခုတည်းမကဘူး တခြားနေရာတွေလည်းအများကြီးရှိပါသေးတယ်။
ကျနော်တို့မျှော်မှန်းချက်ပန်းတိုင်ရောက်တဲ့အထိ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ကျနော်တို့ပန်းတိုင်ရောက်မှ ကျနော်တို့ကျေနပ်မှာဖြစ်ပြီး ကျနော်တို့လိုချင်တဲ့ လွတ်လပ်ရေးပန်းတိုင်ဆိုတာကိုရောက်မှသာလျှင် ကျေနပ်မှု ရရှိမှာဖြစ်ပါတယ်။
ဗိုလ်ကြီး စောလယ်ထူး (ဂုဏ်ပြုဆုချီးမြှင့်ခံရသူ)
ဂုဏ်ပြုလွှာကိုတော့ ကျနော့်တို့မမျှော်လင့်ပါဘူး။ ထိုက်တန်တယ်လို့ ခေါင်းဆောင်တွေကယူဆပြီး
ပေးအပ်တာ ဖြစ်တယ်လို့ ကျနော်တို့ယူဆပါတယ်။ မာနယ်ပလောဌာနချုပ်ဖြစ်တဲ့ ၉၁၃ စစ်ကောင်စီ စစ်စခန်း ကိုပြန်လည်ရရှိတာကြောင့် ဂုဏ်ပြုလွှာပေးအပ်တဲ့အတွက် ဝမ်းမြောက်ဝမ်းသာရှိပါတယ်။ ရှေ့ဆက်မျှော်မှန်း ချက်နဲ့အတူ အစီအစဉ်တစ်ခုဖြစ်တဲ့ ကျနော်တို့ပြည်သူတွေ သူတို့ရဲ့ စိုက်ပျိုးစားသောက်ဖို့ ဌာနေ၊ မိမိပိုင်ဆိုင်တဲ့ မြေဖြစ်တဲ့ မာနယ်ပလောမှာ လုပ်ကိုင်စားသောက်ပြီးတော့ ကျနော်တို့က ကာကွယ်ရေးတပ်မတော်ဖြစ်တဲ့အညီ ကျနော်တို့ရဲ့ တာဝန်ကတော့ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ် စည်းစိမ်တွေကို ကာကွယ်ရမှာ ဖြစ်တယ်လို့ ကျနော်ခံယူပါတယ်။



















