ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းတွင် နေထိုင်သည့် အမျိုးသမီးဖြစ်သူမှ ကိုယ်အလေးချိန် ၅ ကီလိုကျော် ( ၁၁ ပေါင်ခွဲ)ရှိ ကလေး တစ်ဦးကို မွေးဖွားခဲ့ကြောင်း ထာ့ဆောင်ယန်း ဆေးရုံ၏ လူမှုကွန်ယက်စာမျက်နှာမှတဆင့် သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့တွင် အဆိုပါ ၅,၂၉၅ ဂရမ် အလေးချိန် ၁၁ ပေါင်ခွဲရှိသော ကလေးငယ်ကို မယ်လစခန်းအတွင်း နေထိုင်သော မြန်မာနိုင်ငံသား မိခင်တစ်ဦးမှ မွေးဖွားခဲ့ခြင်းဖြစ်သည်ဟု သိရှိရ သည်။ ထာ့ဆောင်ယန်းဆေးရုံမှ ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းများ၏ ကြိုးစားအားထုတ်မှုကြောင့် မိခင်နှင့်ကလေး နှစ်ဦးစလုံး ဘေးကင်းစွာဖြင့် မွေးဖွားနိုင်ခဲ့ကြောင်း ဆေးရုံက ထုတ်ပြန်သည်။
မယ်လဒုက္ခစခန်းမှ တာဝန်ရှိသူ တစ်ဦးက “ မယ်လဒုက္ခသည်စခန်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ ဇုံ(C) ဘက်မှာ နေထိုင်ပါတယ်။ အချက်အလက်အားလုံးတော့ ကျနော်တို့ မရသေးဘူး။ အချက်အလက် ရဖို့ ကျနော်တို့လည်း စုစည်းနေတုန်းပဲဖြစ်ပါတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။
သို့သော် ထာ့ဆောင်ယန်းဆေးရုံ၏ ထုတ်ပြန်ချက်အရ မြန်မာစစ်ဘေးရှောင် မိခင်တစ်ဦးမှ ကိုယ်အလေးချိန် ၁၁ ပေါင်ခွဲ( ၅ ကီလိုကျော်)ရှိ ကလေးတစ်ဦးကို မွေးဖွားခဲ့ကြောင်းဖြင့်သာ ဖော်ပြထားသည်။
အဆိုပါ ကလေးငယ်၏ ပုံမှန်ထက် အလေးချိန်ကျော်လွန်နေမှုကြောင့် မိခင်သည် သားဖွားပြီးနောက် သွေးလွန်ခြင်းကို ခံစားခဲ့ရပြီး မွေးကင်းစကလေးမှာလည်း သွေးတွင်းသကြားဓာတ်လျော့နည်းမှု (Hypoglycemia)ရှိနေသဖြင့် အရေးပေါ်အထူးကြပ်မတ်ကုသဆောင်- NICU ထဲသို့ ဝင်ရောက်ခဲ့ ရကြောင်း ဆေးရုံက ထုတ်ပြန်ထားသည်။
“ဒီကလေးဟာ ပုံမှန်မဟုတ်တဲ့ကိုယ်အလေးချိန် (Macrosomia) ရှိပြီး မွေးဖွားဖို့ အရမ်းအန္တရာယ် များပါတယ်။ မိခင်လည်း မွေးပြီးသွေးလွန်ခဲ့တယ်။ ကလေးလည်း သွေးတွင်းသကြားဓါတ် hypogly cemia ဖြစ်နေခဲ့တာကြောင့် NICU သို့ချက်ချင်း ပို့ပေးလိုက်ရတယ်”ဟု ကလေးအား မွေးဖွား ပေးခဲ့သည့် ဆေးရုံမှအထူးကုဆရာဝန်က အသိပေးထုတ်ပြန်သည်။
လက်ရှိတွင် ကလေးငယ်ကို NICU ၌ ဆက်လက်ထားရှိနေရသော်လည်း ကျန်းမာရေးအခြေအနေ တိုးတက် ကောင်းမွန်လျက်ရှိနေကြောင်း၊ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာများကိုလည်း ဆရာဝန်နှင့် သူနာပြုများက အနီးကပ် စောင့်ကြည့်ကုသပေးနေဆဲဖြစ်ကြောင်း သိရသည်။
၎င်းအပြင် ကလေးငယ်၏ မိသားစုသည် ဆင်းရဲနွမ်းပါးသည့်အတွက် ကျန်းမာရေးအာမခံနှင့် ပုံမှန်ဝင်ငွေ မရှိသောကြောင့် ကလေးအတွက် လိုအပ်သော ပစ္စည်းများကို ကိုယ်တိုင်ဝယ်ယူနိုင်ခြင်းမရှိသည့် အခြေအနေများနှင့် ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ထိုအတွက်ကြောင့် ကလေးငယ်အတွက် လိုအပ်သော အနှီးများ၊ အာဟာရနို့မှုန့်များနှင့် ကလေးဝတ် အဝတ်အစားများအတွက် မည်သူမဆို ဆေးရုံ၏ လူမှုကွန်ယက်မှစာမျက်နှာမှ တဆင့် ဆက်သွယ် ပါဝင် လှူဒါန်းနိုင်ကြောင်းလည်း အသိပေးပြောဆိုထားသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ထာ့ဆောင်ယန်းဆေးရုံသည် ဆေးရုံငယ်တစ်ခုဖြစ်ပြီး ဆေးရုံ အတွင်း မွေးကင်းစကလေးများ၊ အချိန်မတိုင်မီ မွေးဖွားသော ကလေးများနှင့် အာဟာရချို့တဲ့သော ကလေးများလည်း ကုသပေးလျက်ရှိရာ ဘတ်ဂျက်ကန့်သတ်ချက်များနှင့် လည်ပတ်နေရသည်ဟု ဆေးရုံက ထုတ်ပြန်ထားသည်။


















