Home ဆောင်းပါး မငြိမ်းချမ်းရခြင်းရဲ့ ဇစ်မြစ်

မငြိမ်းချမ်းရခြင်းရဲ့ ဇစ်မြစ်

744

မငြိမ်းချမ်းရခြင်းရဲ့ ဇစ်မြစ်

နန့်ဆန်းထီ

(ဇူလိုင် ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ)

အောက်(စ်)ဖို့(ဒ်) အဘိဓာန်မှာ “Peace” (ငြိမ်းချမ်းရေး) ဆိုတဲ့ ဝေါဟာရကို အင်္ဂလိပ်လို ဘာသာပြန်ရင် အနက်အဓိပ္ပါယ်က“နယ်မြေတစ်ခု သို့မဟုတ် နိုင်ငံတစ်နိုင်ငံမှာ အကြမ်းဖက်မှုနဲ့စစ်ပွဲ တွေမရှိတဲ့ အခြေအနေ၊ အချိန်အခါ” လို့ ဖွင့်ဆိုထားပါတယ်။

တိုင်းရင်းသားလူမျိုးစုများ စုံလင်ကွဲပြားစွာနေထိုင်ကြတဲ့ မြန်မာနိုင်ငံမှာတော့ မြေရှင် ပဒေသရာဇ်စနစ်ကတည်းက ဖိနှိပ်မှုနဲ့မငြိမ်းချမ်းခြင်းများ ကြုံတွေ့ခံစားခဲ့ကြရပြီး ဗမာပြည် လွတ်လပ်ရေးရပြီးနောက်ပိုင်းကစ လက်ရှိအချိန်ထိ မငြိမ်းချမ်းသေးတာ အများအသိပါ။

တဖက်မှာ ၂၀၁၅ ခုနှစ် တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တစ်နိုင်ငံလုံး အပစ်ခတ် ရပ်စဲ ရေးစာချုပ်-NCA ချုပ်ဆိုမှု မတိုင်ခင် မြန်မာပြည် အစိုးရအဆက်ဆက်အုပ်ချုပ်ရေးကို ကြိုးကိုင်သူ စစ်တပ်အသိုင်းအဝိုင်းက ငြိမ်းချမ်းရေးအတွက်ဆိုပြီး လုပ်လာတဲ့ ဆွေးနွေးပွဲတွေ၊ အစည်းအဝေး တွေဆိုတာ လက်ချိုးရေလို့တောင် မရတဲ့အနေအထား ရှိနေပါပြီ။

လက်ရှိမှာလည်း စစ်ကောင်စီ တနည်းအားဖြင့် နစက ဘက်က ၂၀၂၁ အာဏာသိမ်းပြီးတဲ့နောက် ပထမဆုံးအနေနဲ့ ဇွန်လထဲမှာ ငြိမ်းချမ်းရေးဖိုရမ်-၂၀၂၅ ကို ပြုလုပ်ခဲ့ပြန်ပါတယ်။

“ငြိမ်းချမ်းရေး၊ ရွေးကောက်ပွဲနှင့် ဖက်ဒရယ်စနစ်ပေါင်းစည်းခြင်းမှ အေးချမ်းသာယာသော နိုင်ငံတော်သစ် ဆီသို့” ဆိုပြီး ခေါင်းစဥ်တပ်ထားတဲ့ ဒီဖိုရမ်မှာ တိုင်းရင်းသားအဖွဲ့၊ ပါတီတွေ၊ နိုင်ငံခြားကိုယ်စားလှယ်တွေ ပါဝင်ကြတယ်ဆိုပေမယ့် စစ်ကောင်စီနဲ့အတိုက်အခံဖြစ်နေတဲ့ အဖွဲ့တွေတော့မပါပါဘူး။

ဒီထဲမှာ တစ်ဖွဲ့အပါအဝင်ဖြစ်တဲ့ သက်တမ်းအရင့်ဆုံး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ကေအဲန်ယူရဲ့ သဘောထားကတော့ ပြတ်သားပါတယ်။

“စစ်တပ်က လောဘဇောတိုက်ပြီး အာဏာသိမ်းလိုက်လို့ ငြိမ်းချမ်းရေးဖြစ်စဥ်တစ်ခုလုံး ပျက်စီး ရတာပဲ။ ဒါကိုသေချာမမြင်ဘဲ လုပ်ချင်ရာလျှောက်လုပ်ပြီး ပြဿနာတွေပိုဆိုးလာတာ။ အဓိကအကျဆုံးအချက် ၃ ချက်ဖြစ်တဲ့ စစ်တပ်နိုင်ငံရေးကစွန့်ခွာရမယ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေသစ်ရေးဆွဲရမယ်၊ ကျူးလွန်သမျှတာဝန်ခံရမယ်” လို့ ကေအဲန်ယူရဲ့ ပြောခွင့်ရ ပဒိုစောတောနီးက ဇွန်လ ၂၆ ရက်နေ့မှာ ကေအိုင်စီကို ပြောပါတယ်။

အာဏာသိမ်းသက်တမ်း ၂ နှစ်ပြည့်ခါနီး ကေအဲန်ယူပါဝင်တဲ့ တော်လှန်ရေး လက်နက် ကိုင် အဖွဲ့တွေရဲ့ နယ်မြေထိန်းချုပ်မှုက ၅၂ ရာခိုင်နှုန်းရှိနေပြီး တစ်နိုင်ငံလုံးမြို့နယ် ၃၃၀ ကျော်မှာ ၂၃၀ ဝန်းကျင်ကို ဖြန့်ကျက်ထားနိုင်တာဖြစ်တယ်လို့ မြန်မာ့အရေးအထူးအကြံပေးအဖွဲ့ SAC-M ရဲ့ ၂၀၂၂ ခုနှစ်က အစီရင်ခံစာအရ သိရပါတယ်။

ဒီအခြေအနေမှာ လက်ရှိ ရွေးကောက်ပွဲရှေ့ဆက်နိုင်ဖို့ သံဓိဌာန်ချထားတဲ့စစ်ကောင်စီက ငြိမ်းချမ်းရေးဖိုရမ်မှာသာမက ဇူလိုင်လ ၄ရက်နေ့မှာ ထုတ်ပြန်ချက်ထုတ်ပြီး မဲမသမာမှုရလဒ်ကြောင့် ထိန်းထားတဲ့အာဏာကို ပါတီစုံရွေးကောက်ပွဲပြီးနောက် ပြန်အပ်သွားမှာမို့ နိုင်ငံငြိမ်းချမ်းရေးအတွက် လက်နက်ချအလင်းဝင်ကြဖို့၊ တွေ့ဆုံဆွေးနွေးကြဖို့ ကရင်အပါအဝင် တိုင်းရင်းသား တော်လှန်ရေးအဖွဲ့တွေကို ထပ်မံကမ်းလှမ်းပါတယ်။

ကရင့်အမျိုးသားတော်လှန်ရေးသမိုင်းကို ပြန်ကြည့်ရင် ဗမာပြည်လွတ်လပ်ရေးရပြီးနောက်ပိုင်း ကရင်ခေါင်းဆောင်ကြီးတွေက ဖဆပလ အစိုးရထံမှ တန်းတူညီမျှပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတဲ့ ကရင်ပြည်ပေးဖို့ တောင်းဆိုခဲ့ကြတာပါ။ ဖဆပလက ဒီအချက်ကို စဥ်းစားပေးသယောင်ပြုပြီး ကရင်လူမျိုးတွေကို နယ်ချဲ့လက်ကိုင်တုတ်အဖြစ် ပုံဖော်တာ၊ ကရင်ရွာတွေကို မီးရှို့သတ်ဖြတ်တာ တွင်တွင်ကျယ်ကျယ်လုပ်ခဲ့တဲ့ မှတ်တမ်းတွေဟာ ကရင့်သမိုင်းမှာ အခိုင်အမာရှိပါတယ်။

အဲဒီတုန်းကလည်း ပိုကြီးထွားလာတဲ့ ကရင့်တော်လှန်ရေးကြိုးပမ်းမှုတွေကြောင့် ဝန်ကြီး ချုပ်ဦးနုခေတ်အပါအဝင် အိမ်စောင့်အစိုးရ ဦးနေဝင်းခေတ်မှာ ကရင့်ခေါင်းဆောင်တွေကို ငြိမ်းချမ်းရေးဆွေးနွေးမှု ၃ ကြိမ်လုပ်ခဲ့ဖူးတာပါ။

၁၉၆၃ ခုနှစ် ဇွန်လပိုင်းက ပြည်တွင်းငြိမ်းချမ်းရေးအတွက်ဆိုပြီး အာဏာသိမ်းခေါင်းဆောင် ဦးနေဝင်းစစ်အစိုးရက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို ဖိတ်ခေါ်ဆွေးနွေးခဲ့ပေမယ့် အထမမြောက်ခဲ့ပါဘူး။

ရှမ်းပြည်တော်လှန်ရေးအဖွဲ့-(Shan State Independent Army-SSIA) နဲ့ ကချင် တော်လှန်ရေးအဖွဲ့ နှစ်ဖွဲ့က မိမိတို့ ပြည်နယ်နဲ့လူမျိုးလွတ်မြောက်ရေးအတွက် တောင်းဆိုတာကြောင့် ဆွေးနွေးပွဲပျက်ပြယ်ခဲ့ပါတယ်။

ကေအဲန်ယူပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီ ၃ ဖွဲ့ပေါင်းကလည်း တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးပါဝင်တဲ့ အချက်ကိုပါ တင်ပြဆွေးနွေးခဲ့ကြပေမယ့် စစ်အစိုးရဘက်က တိုင်းရင်းသားလက်နက်ကိုင်တွေ လက်နက်ချရေးအချက်ကိုသာ ကိုင်စွဲထားတာကြောင့် ဆွေးနွေးပွဲမအောင်မြင်ခဲ့ပါဘူး။

အဲဒီနောက်ပိုင်း ဗမာလူမျိုးကြီးဝါဒပေါ်မှာ အခြေခံတဲ့စစ်အစိုးရကြောင့် လူမျိုးစုတွေလက်ထဲ ပြည်နယ်ရှိပေမယ့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့အာဏာမရှိတဲ့အတုအယောင်သာရခဲ့တယ်လို့တညီ တညွတ်တည်း ဆိုကြပါတယ်။ ဒီလိုပဲ ငြိမ်းချမ်းရေးမရတဲ့ တိုင်းရင်းသားလက်နက်ကိုင်ကြီးစိုးတဲ့ ဒေသတွေမှာလည်း စစ်အစိုးရရဲ့ အမျိုးမျိုးသော ဖိနှိပ်ချုပ်ခြယ်မှုတွေခံခဲ့ရပါတယ်။

၂၀၂၁ ခုနှစ်မှာတော့ မဲမသမာမှုခေါင်းစဥ်တပ်ပြီး အာဏာသိမ်းပြန်တာကြောင့် တစ်နိုင်ငံ လုံးဆူပူအုံကြွမှုတွေ ဖြစ်လာပြန်ပါတယ်။ စစ်ကောင်စီကတော့ ဒီလေးနှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်ထိန်းချုပ်ထားနိုင်ပြီဖြစ်တဲ့ ဒေသတွေမှာ လေကြောင်း တိုက်ခိုက်မှုတွေပိုလုပ်နေပြီး ၆၃ ရာခိုင်နှုန်း၊ အကြိမ်ရေအားဖြင့် ၅ ထောင်ထက်မနည်းတဲ့ လေကြောင်း တိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ ကပြင်ရပ်ဝန်း-ISP Myanmar က ဖော်ပြပါတယ်။

ဒါ့အပြင် မြို့နယ် ၃၃၀ ကျော်မှာ ၁၆၀ ကျော်က စစ်တပ်လေကြောင်းတိုက်ခိုက်ခံနေရတယ်လို့လည်း ဆိုပါတယ်။

ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ပြီး၊ အပစ်ခတ်ရပ်ထားမယ်ဆိုတဲ့ ကာလမှာတောင် တိုက်ခိုက်မှု တွေရှိနေလို့ မျှော်လင့်သလို တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေနဲ့ ငြိမ်းချမ်းရေးစကားပြောဖို့ မဖြစ်နိုင်သလို လက်ရှိအကြပ်အတည်းရဲ့ထွက်ပေါက်က ရွေးကောက်ပွဲမဟုတ်ဘူးလို့ နိုင်ငံရေးသုံးသပ်သူတချို့က ထောက်ပြပါတယ်။

ငြိမ်းချမ်းရေးဖိုရမ်သွားတက်တဲ့ အဖွဲ့တွေဘက်ကတော့ အတိုက်အခံတွေမပါပေမယ့်လည်း ငြိမ်းချမ်းရေးရဖို့ ရွေးကောက်ပွဲကျင်းပပြီးမှ တက်လာတဲ့အစိုးရနဲ့ဆွေးနွေးတာ အဖြေဖြစ်တယ်ဆိုတဲ့ စစ်ကောင်စီနဲ့တစ်ထပ်တည်းသဘောထားရှိပါတယ်။

“ရွေးကောက်ပွဲပြီးသွားရင်လည်း တပ်မတော်အစိုးရရဲ့အခန်းကဏ္ဍက ဆက်ရှိနေဦးမှာ။ ဒါကြောင့် ကျနော်တို့က ပူးပေါင်းဆောင်ရွက်နိုင်တဲ့ ရွေးကောက်ပွဲရလဒ်ဖြစ်ဖို့လိုတယ်ဆိုတာကို ပြောတာ။ အကြမ်းဖက်မှုဆိုတာ နိုင်ငံရေးနဲ့ဆက်စပ်နေတယ်။ တစ်ဦးတစ်ဖွဲ့ချင်းရဲ့အကျိုးစီးပွားနဲ့လည်း ဆက်စပ်နေတယ် ပြောသလောက်မလွယ်ဘူး။” လို့ ဖိုရမ်သွားတက်တဲ့ ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးရဲ့ ပြောပြချက်ကို ဇွန်လ ၂၆ ရက်နေ့က BBC သတင်းမှာဖော်ပြပါတယ်။

ဦးကိုကိုကြီးက ဆက်လက်ပြီး “ဒီကိစ္စက ပြောသလောက်မလွယ်ဘူး။ ဒါဆို ကျနော်တို့က ရွေးကောက်ပွဲ မလုပ်ဘဲရပ်ထားမလား၊ ၆ လသက်တမ်းထပ်တိုးမလား၊ ဒီဖွဲ့စည်းပုံကို ဖျက်သိမ်း ပစ်ရမယ်ပြောတယ်။ ဒါဆိုမာရှယ်လောနဲ့နေမလားပေါ့၊ ကျနော်တို့ လက်တွေ့ကျကျရွေးချယ်ရမယ်လို့ မြင်တယ်” လို့လည်း သူက ဆိုပါတယ်။

ဒီသုံးသပ်ချက်တွေကိုကြည့်ရင် စစ်ကောင်စီရော၊ ဖိုရမ်သွားတက်တဲ့နိုင်ငံရေးပါတီတွေကရော ငြိမ်းချမ်းရေးအတွက်ဆိုပြီး ဒီဇင်ဘာလမှာ ရွေးကောက်ပွဲကို မဖြစ်မနေလုပ်ကြမယ့် သဘောရှိပါတယ်။ ဆန့်ကျင်နေကြတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေမှာ ဘယ်လိုပုံနဲ့လုပ်မှာလဲ ဆိုတာကိုတော့ ဆက်စောင့်ကြည့်ရမှာပါ။

ကရင်ပြည်နယ်မှာတော့ ၂၀၂၀ ရွေးကောက်ပွဲတုန်းက မဲဆန္ဒနယ် ၃၆ နေရာမှာ ဝင်ရောက် ယှဥ်ပြိုင်သူ ကိုယ်စားလှယ်လောင်း ၁၉၉ ယောက်ရှိခဲ့ပါတယ်။ ရလဒ်ထွက်ပေါ်အပြီး ပြည်သူ့ လွှတ်တော် ၆ နေရာ၊ အမျိုးသားလွှတ်တော် ၁၁ နေရာ၊ ပြည်နယ်လွှတ်တော်မှာ ၁၁ နေရာနဲ့ တိုင်းရင်းသားရေးရာမှာ ၂ နေရာအဖြစ် NLD က မဲအရေအတွက်အားလုံးရဲ့ ၈၃ ရာခိုင်နှုန်းကျော်ကို အနိုင်ရခဲ့တယ်လို့ အဲဒီနှစ်က ပြည်နယ်ရွေးကောက်ပွဲကော်မရှင်ရဲ့မှတ်တမ်းတွေအရ သိရပါတယ်။

အဲဒီတုန်းက NLD နဲ့ အပြိုင်အဆိုင်နေရာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ခိုင်ရေးပါတီ) အပြင် ကရင်ပြည်သူ့ပါတီ-KPP နဲ့ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ-KNDP တို့ရှိနေတာပါ။

ဒီနှစ်လုပ်မယ့် ရွေးကောက်ပွဲမှာလည်း KNDP ကဝင်ပြိုင်မယ်လို့သတင်းထွက်နေသလို ကြံ့ခိုင်ရေးပါတီဘက်ကလည်း မြဝတီမြို့နယ်ဘက်မှာ လှုပ်ရှားမှုတွေရှိနေတယ်လို့ ပါတီတွေနဲ့နီး စပ်တဲ့သတင်းအရင်းအမြစ်က ဆိုပါတယ်။

“စကစ ရွေးကောက်ပွဲကိုပါမယ်ဆိုကတည်းက သူတို့ကိုယ်၌က ဒီမိုကရေစီနိုင်ငံရေးပါတီတွေ မဟုတ်ဘူးဆိုတာ အသေအချာ သက်သေခံလိုက်တာပဲ။” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ-DPNSရဲ့ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က မှတ်ချက်ပြုပါတယ်။

ဒါ့အပြင် တိုင်းရင်းသားတွေထိန်းချုပ်ထားတဲ့ နယ်မြေမှာရွေးကောက်ပွဲလုပ်နိုင်ဖို့ ခက်ခဲသလို မဲလာပေးသူနည်းသည့်တိုင် ရတဲ့နည်းလမ်းနဲ့ မဖြစ်ဖြစ်အောင် လုပ်ဆောင်သွားနိုင်စရာရှိတယ်လို့လည်း သူကသုံးသပ်ပါတယ်။

စစ်ကောင်စီဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုင်စွဲပြီး ရွေးကောက်ပွဲပြန်ကျင်းပနိုင်ဖို့ကြိုးပမ်းနေတာက သူတို့အာဏာနဲ့အကျိုးစီးပွား တည်မြဲဖို့ဖြစ်တယ်လို့လည်း ကေအဲန်ယူဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြီးခဲ့တဲ့ KNLA ဖွဲ့စည်းခြင်း ၇၆ နှစ်မြောက်နေ့ ကိုဂုဏ်ပြုပေးပို့တဲ့ သဝဏ်လွှာမှာ ပြောသွားပါတယ်။

ဒါကြောင့် အတိုက်အခံအင်အားစုတွေ နိုင်ငံရေးအကဲခတ်တွေရဲ့ ပြောဆိုသုံးသပ်ချက်များအရ စစ်ကောင်စီတဖက်သတ်ထင်နေတဲ့ မငြိမ်းချမ်းရခြင်းရဲ့အကြောင်းအရင်းက ရွေးကောက်ပွဲရလဒ်နဲ့ မဆိုင်ဘူးလို့ ဆိုရမှာပါ။

ရွေးကောက်ပွဲအလွန်မှာလည်း နိုင်ငံအတွက် ပဋိပက္ခနဲ့သတ်ဖြတ်မှုတွေ ပိုမိုကြီးထွား စေရုံက လွဲလို့ ဘာမှမဖြစ်လာနိုင်ဘူးလို့ လေ့လာသူတွေက သုံးသပ်နေကြပါတယ်။

“ဒီရွေးကောက်ပွဲကို ကျနော်တို့မျှော်လင့်နေလို့မရဘူး။ ပြဿနာတွေတကယ်ပဲ ပြေလည် စေချင်တယ်၊ တိုင်းပြည်ငြိမ်းချမ်းစေချင်တယ်ဆိုရင် အကောင်းဆုံးနည်းလမ်းကတော့ တော်လှန်ရေး၊ နိုင်ငံရေးအင်အားစုတွေ သေချာဆွေးနွေးပြီး ဒီတိုင်းပြည်ကိုဘယ်လို ဆက်တည်ဆောက်ကြမလဲဆိုတာ အဖြေရှာဖို့ အဓိကကျတယ်။ ဒီမှာစစ်အုပ်စုတော့ပါလို့မရဘူး၊ သူပါရင်ပြဿနာပိုရှုပ်ထွေးလိမ့်မယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဆိုပါတယ်။