ဇူလိုင် ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၁) သထုံခရိုင်၊ ဘီးလင်းမြို့နယ်၊ မင်းစော(ဃောဖိုးပလယ်)ရွာစာသင်ကျောင်းကို ယနေ့ ဇူလိုင်လ (၁၀)ရက်နေ့ နေ့လည်ပိုင်းက စစ်ကောင်စီမှ လေယာဥ်ဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခံရကြောင်း သိရသည်။
မင်းစောရွာ စာသင်ကျောင်းကို စစ်ကောင်စီက ယခုနှစ်မတ်လက လေကြောင်းဗုံးကြဲမှုများ လုပ်ဆောင်သွား ခဲ့ခြင်းဖြစ်သည်။ ယနေ့ နေ့လည် ၁၁နာရီဝန်းကျင်၊ ဗုံးနှစ်လုံးထပ်မံကြဲချ တိုက်ခိုက်ခံရမှုတွင်လည်း ကျေးရွာစာသင်ကျောင်းနှင့် ဈေးဆိုင်ခန်းတစ်ခုတို့ ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ သထုံခရိုင်နှင့် ဘီးလင်းမြို့နယ် စစ်ရှောင်ကူသတင်းအရင်းအမြစ်မှ ကနဦး သိရသည်။
ဗုံးကြဲမှုကြောင့် ထိခိုက်ပျက်စီးမှု အသေးစိတ်နှင့် ဒဏ်ရာရ သေဆုံးသူဒေသခံ ရှိမရှိ အခြေအနေကိုလည်း ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

လတ်တလောသတင်းရေးသားချိန်အထိ လေကြောင်းအန္တရာယ်စိုးရိမ်ရ၍ ဒေသခံများ ဘေးလွတ်ရာတွင် ထွက်ပြေးတိမ်းရှောင်နေရသလို သက်ဆိုင်ရာတာဝန်ရှိသူများမှာလည်း မှတ်တမ်းကောက်ယူမှု မလုပ်နိုင်သေးဟု မြို့နယ် KNU သတင်းအရင်းအမြစ်က ဆိုသည်။
ပြီးခဲ့သည့် မတ်လ ၂၃ ရက်နေ့ကလည်း မင်းစောရွာစာသင်ကျောင်းကို စစ်ကောင်စီကဖျက်အားပြင်းဗုံးဖြင့် ကြဲချတိုက်ခိုက်ခဲ့သောကြောင့် မင်းစောရွာစာသင်ကျောင်းအပါအဝင် လူနေအိမ်နှင့်ဘာသာရေးအဆောက်ဦးများ ထိခိုက်ပျက်စီး၍ ဒေသခံတစ်ဦး ဒဏ်ရာရရှိခဲ့သေးသည်။
အလားတူ ဧပြီလ ၁၉ရက်နေ့က မင်းစောရွာဘုန်းကြီးကျောင်းသို့ သံဃာတော်များ ဆွမ်းဘုန်းပေးနေစဥ် စစ်တပ်ကလေယာဥ်ဗုံးကြဲခဲ့သည့်ဖြစ်စဥ်တွင်လည်း ကိုရင်များအပါ ဒေသခံ(၃) ဦးသေဆုံးခဲ့ရပြီး ထိခိုက်သူ ၁၀ဦးထက်မနည်းရှိခဲ့သည်။



















