ဇူလိုင် ၁၁ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၄)၊ မြိတ်-ထားဝယ်ခရိုင်၊ ပုလောမြို့နယ်၊ တောင်ယာကမ်းရွာအုပ်စုက စစ်ပြင်ကြီးရွာကို တော်လှန်ရေးတပ်ဖွဲ့က ဝင်ခွင့်ပိတ်ထားပြီး အခွန်အတင်းအကြပ်ကောက်နေသည်ဆိုသည့် မဟုတ်မမှန်သတင်း ဖြန့်သူများအား စုံစမ်းနေကြောင်း ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDOက ပြောသည်။
ပုလောမြို့နယ်အခြေစိုက်သည့် KNDO တပ်ရင်း(၇)နယ်မြေ စစ်ပြင်ကြီးကျေးရွာဒေသခံများအား ကိုဗဟု ဦးဆောင်သောအဖွဲ့က ရွာနေအခွန်အဖြစ် ငွေကြေးအတင်းအကြပ်ကောက်နေပြီး မပေးနိုင်လျှင် ရွာ ထဲဝင်ခွင့်မပြုကြောင်း လူမှုကွန်ရက်မီဒီယာပေါ်တွင် သတင်းထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။
၎င်းအကြောင်းအရာများမှာ တော်လှန်ရေးပြိုကွဲရေး ဝါဒဖြန့် သွေးခွဲနေသည့် လုပ်ရပ်များဖြစ်သည့် အတွက် ၎င်းတို့အနေဖြင့် အကောင့်တင်လာသူများကို စုံစမ်းနေကြောင်း KNDO တပ်ရင်း(၇)၊ တပ်ခွဲ(၅) တာဝန်ရှိသူ ကိုဗဟုက ကေအိုင်စီသို့ ပြောသည်။
၎င်းက “အဲဒီအကောင့်တုတွေနဲ့ လိုင်းပေါ်ကနေ ဝါဒဖြန့်သွေးခွဲနေတာ။ တော်လှန်ရေးပြို ကွဲအောင်လုပ်နေတာ။ မြေပြင်အခြေအနေနဲ့ဘာမှ မဆိုင်ဘူး။ တောက်လျှောက် ကျနော်တို့ကို တိုက်ခိုက်နေတယ်။ ဘယ်သူ ဘယ်ဝါမှန်းမသိလို့ ကျနော်တို့လည်း စုံစမ်းနေတယ်။ သူတို့က အဖွဲ့နဲ့ လုပ်ကြတာ။ သိရသလောက်ကတော့ စကစရဲ့သူလျှိုတွေပါ။ ကျနော်တို့ မိသားစုနောက်ကြောင်းတွေပါ သူတို့လိုက်စုံစမ်းတာ” ဟု ပြောသည်။
ထို့အတူ ပုလောဒေသတွင် ယခုနှစ်အတွင်း နှစ်ဖက်တိုက်ပွဲများ ဆက်လက်ဖြစ်ပေါ်နေသလို စစ်ရေး လှုပ်ရှားမှုများကြောင့် တောင်ယာကမ်း၊ ပုလောကုန်းအပါအဝင် ၎င်းအနီးအနားမှ နေအိမ်မပြန်ရဲ သည့် ဒေသခံ ၅ ထောင်ကျော်ရှိနေကြောင်းလည်း တနင်္သာရီစစ်ရှောင်အခြေအနေကို သိရှိထားသည့် FE5 Tanintharyi အဖွဲ့၏စာရင်းအရ သိရသည်။

“စစ်ပြင်ကြီးရွာကပ်ရက် တမိုင်တောင်မှာ စကစအခြေစိုက်စခန်းရှိတယ်။ အစကတည်းက ကျနော်တို့ စစ်ရေးလှုပ်ရှားတဲ့နေရာမို့လို့ မိုင်းတွေထောင်ထားတယ်။ စကစမှာ ထွက်ပေါက်က အဲဒီစစ်ပြင်ကြီး ရွာ တစ်ပေါက်ပဲ။ ကျနော်တို့ဝိုင်းပိတ်ဆို့ပြီး စစ်ရေးကစားတဲ့အနေအထားပေါ့။ ပြည်သူတွေလည်း အဲဒီနေရာမှာနေလို့မရဘူး။ သူတို့မိုင်းကွင်းထဲမှာ ဘယ်သူမှမနေကြဘူး။” ဟု ကိုဗဟုက ဆက်ပြောသည်။
စစ်ရေးဗျူဟာကျသည့် စစ်ကောင်စီစခန်းအခြေစိုက် တမိုင်ကျေးရွာအတွင်း ပြီးခဲ့သည့်နှစ် အောက်တို ဘာလက တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီက အနီးဝန်းကျင်ရွာများသို့ လက်နက်ကြီးပစ်ခတ်သဖြင့် ဒေသခံနေရပ်စွန့်ခွာတိမ်းရှောင်ရမှုရှိခဲ့ကြောင်း ထိုနှစ်က တနင်္သာရီအခြေစိုက်မီဒီယာများတွင် ဖော်ပြသည်။
၎င်းနောက် စစ်ကောင်စီက ပုလောမြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်း၊ ဒေသခံများကိုဖမ်းဆီးခြင်း၊ ကင်းပုန်းဝပ်ခြင်းတို့ကြောင့် နေရပ်မပြန်နိုင်သည့်ဒေသခံ ကျေးရွာပေါင်း ၁၅ ရွာထက်မနည်းတွင် ရှိခဲ့သည်ဟု ဆိုသည်။
ကေအဲန်ယူအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၏ စစ်ဒေသအတွင်းရှိ မြိတ်-ထားဝယ်ခရိုင် တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အင်အား နှစ်ထောင်ထက်မနည်းရှိသည်။ KNDO တပ်ရင်း(၇) လက်အောက်ခံ တပ်ရင်းတပ်ခွဲများ၊ မြိတ်ခရိုင် PDF၊ ပုလောမြို့နယ် ပကဖ စသည်တို့အပြင် အခြားတော်လှန်ရေးတပ်ဖွဲ့များလည်း စစ်ရေးလှုပ်ရှားနေသည်။
တဖက်တွင်လည်း တနင်္သာရီတိုင်းရှိ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်း သွေးခွဲလိုသည့် ဝါဒဖြန့်မှုများ၊ လူမျိုးရေးရောထွေးသော အမုန်းစကားဖြန့်ဝေမှုပုံစံဖြင့် အကောင့်တုများထွက်ပေါ်နေကြောင်း မြိတ်-ထားဝယ်ခရိုင်နှင့်သက်ဆိုင်သည့် လူမှုကွန်ရက်စာမျက်နှာမှတဆင့် တွေ့ရသည်။



















