ဇူလိုင် ၃၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီက ဇူလိုင် ၂၆ ရက်နေ့တွင် လေကြောင်းမှ ဗုံး ၁၀ ကြိမ်ကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူစုစုပေါင်း ၁၀ ဦး သေဆုံးခဲ့သည်ဟု ကေအဲန်ယူ ကရင်အမျိုးသား အစည်း အရုံး၊ မြိတ်-ထားဝယ်ခရိုင်က ဇူလိုင် ၃၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ပုလောမြို့နယ် ဇရပ်ဆိပ်ကျေးရွာသို့ စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားများသေဆုံးခဲ့သည့် အပေါ် ကေအဲန်ယူ၊ မြိတ်- ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုအယ်နားက ယခုလို အတည်ပြု ပြောဆိုသည်။
“ပုလောမြို့နယ်ထဲက စစ်ကောင်စီစခန်းတစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ ဝင်ရောက်တိုက်ခိုက် ပြီးတဲ့ နောက်မှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေပြီးတော့ ၁၀ ကြိမ် ဂျက်ဖိုက်တာနဲ့ ဗုံးအလုံး ၉၀ လာရောက် ကြဲချ တိုက်ခိုက်သွားတာ ဖြစ်တယ်။ ပြည်သူ ၁၀ ဦး သေဆုံးသွားပါတယ်။ ၆ ဦး ထိခိုက်ဒဏ်ရာ ရရှိ ပါတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။
ထို့အပြင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ ရက် နှင့် ၂၆ ရက်နေ့တွင် ပလမြို့အတွင်းဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကိုလည်း ကရင်အမျိုးသား အကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ရင်း-၇ နှင့် ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟု ပဒိုအယ်နား ကဆက်ပြောသည်။
အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် (၁၇) ဦး သေဆုံးခဲ့ပြီး လက်နက်ကြီး (RPG) (၇) လက်၊ MA1 (၁) လက်၊ ကျည်ဘောက် (၃) ခုနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင် ၏ ထုတ်ပြန်ထားချက်၌ ဖော်ပြထားသည်။
အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ကြည်း၊ ရေ၊ လေ အသုံးပြုကာ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေသည့်အတွက်ကြောင့် မြိတ်-ပုလော လမ်းပိုင်းကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ကြောင်း မြိတ် ခရိုင်တပ်ရင်း (၁)က ဇူလိုင်လ ၂၅ ရက်နေ့တွင် ထုတ်ပြန်ထားသည်။



















