Home သတင်း နလက၌ ကာချုပ် ယာယီသမ္မတ ဆက်ယူကာ ယခင် နစက အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အရပ်သားများ ပြန်မပါ

နလက၌ ကာချုပ် ယာယီသမ္မတ ဆက်ယူကာ ယခင် နစက အဖွဲ့ဝင် မန်းငြိမ်းမောင်နှင့် အရပ်သားများ ပြန်မပါ

474
Photo: Social Media

ဇူလိုင် ၃၁၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

၂၀၂၁ ခုနှစ်၊ ဖောဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်က နိုင်ငံတော်အာဏာသိမ်းယူမှု ပြုလုပ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ (နစက) ကို ဖျက်သိမ်းလိုက်ပြီး အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီက နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (နလက) ကို ယနေ့တွင်ဖွဲ့စည်း လိုက်သည်ဟု အမိန့်ထုတ်ပြန်ချက်များအရ သိရသည်။

အဆိုပါကော်မရှင်တွင် ဥက္ကဌအဖြစ် ယခင် နစက ဥက္ကဌ၊ ယာယီသမ္မတတာဝန် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယဥက္ကဌအဖြစ် ဒုဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့် အတွင်းရေးမှူးအဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦးတို့အပါအဝင် ကော်မရှင်တွင် အဖွဲ့ဝင် ၁၀ ဦးက တာဝန်ယူ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် ယခင်က နစက အဖွဲ့ဝင်အရပ်သားများ ဖြစ်သည့် ဒေါ်ဒွဲဘူ၊ ပိုးရယ်အောင်သိန်း၊ မန်းငြိမ်းမောင်၊ ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေ၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနှင့် ဦးရန်ကျော်တို့ ယခု ပြန်ဖွဲ့လိုက်သည့် နိုင်ငံတော် လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် (နလက) တွင် ပါဝင်လာခြင်း မရှိတော့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

အလားတူ နလက ၏ ဦးတည်ချက်လေးရပ်ကိုလည်း ထုတ်ပြန်ခဲ့သေးသည်။ ထိုထဲတွင် ဦးတည်ချက် ၄ ၌ “ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်များ အောင်မြင်ပြီး ပြည်သူလူထု တစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး” ဟု ပါရှိသော်လည်း ရွေးကောက်ပွဲ အပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမည့် စကားလုံးများ မပါရှိသည်ကိုတွေ့ရသည်။