ဇူလိုင် ၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့မှ ခေါင်းဆောင်အချို့ ပါဝင်သည့် အမျိုးသမီးများအား စစ်ကောင်စီက ဂုဏ်ပြုဘွဲ့၊ ဆုတံဆိပ်များပေးခြင်းမှာ နိုင်ငံရေးအရ အကျိုးမျှော်ကိုးသည့် ဟန်ပြလုပ်ရပ်သာဖြစ်ကြောင်း လူ့အခွင့်အရေး၊ အမျိုးသမီးအရေး၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ အမျိုးသမီးများက ပြောသည်။
စစ်ကောင်စီသဘောကျသတ်မှတ်ထားသည့် ပြီးခဲ့သည့် ဇူလိုင်လ(၃)ရက်နေ့ကျရောက်သော မြန်မာအမျိုးသမီးများနေ့ကို ဂုဏ်ပြုခြင်းဖြင့် KNU/KNLA-PC ငြိမ်းချမ်းရေးကောင်စီမှ ဒုဥက္ကဋ္ဌ ဒေါက်တာ နော်ကပေါ်ထူး အပါအဝင် ဌာနဆိုင်ရာမှအမျိုးသမီး ၁၅၀ ကျော်အား စစ်ကောင်စီက ဂုဏ်ပြုဘွဲ့ တံဆိပ်အသီးသီး ပေးခဲ့ခြင်းဖြစ်သည်။
တိုင်းရင်းသူခေါင်းဆောင်အမျိုးသမီးနှင့် အရပ်သားအမျိုးသမီးအချို့ပါ ပါဝင်စေပြီး ဂုဏ်ပြုဆုပေးသည့် စစ်ကောင်စီ၏လုပ်ရပ်သည် ရွေးကောက်ပွဲကျင်းပနိုင်ရေး အကျိုးမျှော်သည့် နိုင်ငံရေး လုပ်ကွက် တစ်ခုဖြစ်သည်ဟု ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ယခုလိုပြောသည်။
“ရွေးကောက်ပွဲလုပ်ဖို့ မဲဆွယ်နေတဲ့ကာလဖြစ်တော့ အမျိုးသမီးတွေကို သူ့ဘက်ပိုပါအောင်ပေါ့။ ဒီလို ဂုဏ်ပြုတာ သူ့ရဲ့တရားမဝင်ရွေးကောက်ပွဲမှာ အရပ်သားတွေ၊ တိုင်းရင်းသားတွေပါတယ်ဆိုတာ ပြဖို့အခွင့်အရေးရသွားတယ်။ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးဖိုရမ်မှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အချို့က အမျိုးသမီးတွေပါနေတဲ့အခါ ဒါကသူ့နိုင်ငံရေးလှည့်ကွက်၊ နိုင်ငံတ ကာကိုလည်း သူမျက်လှည့်ပြလို့လွယ်တာပေါ့” ဟု ဒေါ်ခင်ဥမ္မာက ပြောသည်။
ထို့အပြင် စစ်အာဏာရှင်အသိုင်းအဝိုင်း၏ သဘောဆန္ဒဖြင့် သတ်မှတ်ထားသည့် မြန်မာ အမျိုးသမီးများနေ့ကို လက်ရှိအာဏာသိမ်းမှု၊ အာဏာရှင်စနစ်ဆန့်ကျင်ပြီး နိုင်ငံရေး၊ တော်လှန်ရေး၊ လူ့အခွင့်အရေး၊ အမျိုးသမီးအရေး တက်ကြွလှုပ်ရှားနေသည့် အမျိုးသမီးအဖွဲ့၊ အဖွဲ့အစည်းများက အသိ မှတ်ပြုခြင်းမရှိဟု တညီတညွတ်တည်းဆိုသည်။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသည့် Sisters 2 Sisters အဖွဲ့မှ သဥ္ဇာရွှန်းလဲ့ရည်က “လူ့အခွင့် အရေးချိုးဖောက်ပြီး နိုင်ငံတကာမှာတော့ လူ့အခွင့်ရေးကော်မရှင်ရှိတယ်၊ ရီပို့တွေတင်တယ်ဆိုပြီး ကာကွယ်သယောင် ဟန်ပြလုပ်ထားတယ် ဒီသဘောပါပဲ။ ဆုပေးတာကလည်း အခြားအမျိုးသမီးတွေကို အနိုင်ကျင့်နှိပ်စက်ဖိနှိပ်နေတာတွေ ရှိနေတာတောင်မှ သူ့အကြိုက်လိုက်ပြောတဲ့ အမျိုးသမီးတွေ၊ စစ်အုပ်စုရဲ့သဘော လိုက်ပါသူတွေကို သီးခြားခွဲထွက်ပြီးပေးတာ။ ဒါကအမျိုးသမီးတွေကို အားပေးဂုဏ်ပြုတာမဟုတ်ဘူး။” ဟု ပြောသည်။
နယ်မြေအသီးသီးတွင် လှုပ်ရှားဆောင်ရွက်သူ အမျိုးသမီးအဖွဲ့များစုစည်းထားသော အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLB က ပြီးခဲ့သည့်ဇွန်လအတွင်းပြုလုပ်သည့် စကားဝိုင်းဆွေးနွေးပွဲတွင် စစ်တပ်အာဏာသိမ်း ၄ နှစ်တာအတွင်း အမျိုးသမီးများအပေါ် စစ်ကောင်စီကျူးလွန်သည့် လိင်အကြမ်းဖက်မှု ၁,၀၀၀ နီးပါးရှိခဲ့သည်ဟု ဆိုသည်။
လက်ရှိ ပဋိပက္ခဖြစ်ပွားနေသည့်ဒေသများတွင် စစ်ကောင်စီက စနစ်တကျစီစဥ်ထားသည့် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးပွားလာနေပြီး ကျူးလွန်ခံရသူများအား စစ်ကောင်စီက အပြစ်ပေးအရေးယူမှုရှိမနေကြောင်းလည်း WLB က စကားဝိုင်းမှ ဆွေးနွေးတင်ပြခဲ့သည်။
ဖော်ပြပါအခြေအနေအောက်တွင် စစ်ကောင်စီက ပေးသည့်ဘွဲ့ထူး၊ ဂုဏ်ပြုတံဆိပ်ရရှိသူများသည် အကြမ်းဖက်မှုများတွင် ပူးပေါင်းပါဝင်သည့် အလိုတူအလိုပါအဖြစ် သတ်မှတ်ရနိုင်သည်ဟုလည်း စစ်အာဏာရှင်စနစ်ပပျောက်ရေးနှင့် အခွင့်အရေးတက်ကြွလှုပ်ရှားသူအမျိုးသမီးအချို့က မှတ်ချက်ပြုသည်။
အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပေးသည့် ဝဏ္ဏကျော်ထင်ဘွဲ့ကို KNU/KNLA-PC မှ နော်ကပေါ်ထူးအပါအဝင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီသစ်-ALP မှ ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းနှင့် ပညာရေးဝန်ကြီးဌာနမှ ပါမောက္ခဌာနမှူး အငြိမ်းစား ဒေါက်တာဒေါ်ပိုတို့က ရရှိခဲ့ပြီး အခြားဌာနဆိုင်ရာအောက်ရှိ အမျိုးသမီးများက ဆုတံဆိပ်အသီးသီးရရှိခဲ့သည်။