ဇူလိုင်လ ၁၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကမ္ဘောဒီးယားနိုင်ငံ၏ စစ်မှုထမ်းဥပဒေကို အသစ်မွမ်းမံပြီး နိုင်ငံသားတိုင်းစစ်မှုထမ်းရန် အကောင် အထည်ဖော်သွားမည်ဟု သိရသည်။
ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မနတ် ကြေငြာထုတ်ပြန်သည့် ဥပဒေသည် ထိုင်းနှင့် နယ်ခြားအရေးတင်းမာမှု နောက်ဆက်တွဲတွင် ထွက်ပေါ်လာခြင်းဖြစ်ပြီး ၂၀၂၆ ခုနှစ်တွင် စတင်အကောင်အထည်ဖော်မည်ဟု သိရသည်။
ယခုနှစ် မေလအတွင်းကစတင်ကာ ထိုင်းနှင့် ကမ္ဘောဒီးယားတို့ နယ်စပ်အရေးတင်းမာနေပြီး နယ်စပ်အရေး အငြင်းပွားမှုသည် အိမ်နီချင်း ၂ နိုင်ငံအကြား ပြဿနာတစ်ရပ်ဖြစ်လာခဲ့သည်။
နယ်စပ်အရေးကြောင့် ဖြစ်ပွားခဲ့သော ၂ နိုင်ငံ ထိတွေ့မှုအတွင်း ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
“ယင်းအဖြစ်အပျက်ကို ကျနော်တို့အတွက် သင်ခန်းစားတစ်ခုအဖြစ် မှတ်ယူပြီး နိုင်ငံစစ်တပ်ရဲ့ ပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ဖို့ ပြန်လည်သုံးသပ်တာ၊ ဆန်းစစ်တာနဲ့ ရည်ရွယ်ချက်ချမှတ်တာတွေကို လုပ်ဆောင်ဖို့ရှိပါတယ်” ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်မနတ်က ဆိုသည်။
ကမ္ဘောဒီးယားနိုင်ငံတွင် ၂၀၀၆ ခုနှစ်အတွင်းက ပြဌာန်းခဲ့ပြီး ကမ္ဘောဒီးယားနိုင်ငံသားများသည် အသက် ၁၈ နှစ်မှ ၃၀ နှစ်ရှိ ၁၈ လကြာ သင်တန်းတက်ရောက်ရန်ဖြစ်ပြီး တစ်ကြိမ်မျှ အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ခြင်းမရှိပေ။
ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်မနတ်ကြေငြာလိုက်သော စစ်မှုထမ်းဥပဒေအသစ်တွင် ၁၈ လ မှ ၂၄ လ အထိ တိုးမြှင့်ထားပြီး ဘက်ပေါင်းစုံတိုက်ခိုက်ရေးပညာသင်တန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းသင်တန်းများပါဝင်သည်ဟု ခမာတိုင်းမ် သတင်းစာက ထုတ်ပြန်သည်။
ကမ္ဘောဒီးယားစစ်မှုထမ်းဥပဒေအသစ်အရ သင်တန်းတက်ရောက်ပြီးသူများသည် အရပ်သားအဖြစ် နေထိုင်နိုင်ပြီး အရန်စစ်အင်အားအဖြစ် သတ်မှတ်မည်ဟု သိရသည်။
ထို့အပြင် ကမ္ဘောဒီးယားဝန်ကြီးချုပ်သည် နိုင်ငံ၏ ကာကွယ်ရေးအသုံးစရိတ်ကို မြှင့်တင်ရန်လည်း စဥ်းစားနေသည်ဟု သိရသည်။
“ကျနော်တို့ နိုင်ငံကို ကာကွယ်ဖို့နဲ့ စစ်တပ်ကို တည်ဆောက်တာဟာ သူတစ်ပါးနိုင်ငံကို ကျူးကျော်ဖို့မဟုတ်ဘဲ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာကို ကာကွယ်ဖို့ပဲဖြစ်တယ်”ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ် မစ္စတာဟွန်မနတ်က ပြောသည်။
# AFP သတင်းဌာန၏ သတင်းကို မြန်မာဘာသာသို့ ပြန်ဆိုထားခြင်းဖြစ်သည်။



















