Home သတင်း အာဏာရှင်တွေ ကျဆုံးအောင်စွမ်းဆောင်ဘို့ ပြည်သူများအားပေးနေသည်ဟု သေ့ဘောဘိုး ဒေသခံပြော

အာဏာရှင်တွေ ကျဆုံးအောင်စွမ်းဆောင်ဘို့ ပြည်သူများအားပေးနေသည်ဟု သေ့ဘောဘိုး ဒေသခံပြော

625

ဇွန် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာရှင်စနစ် ကျဆုံးအောင်စွမ်းဆောင်နိုင်ဖို့ တော်လှန်ရေးရဲဘော်များကို အားပေးနေသည်ဟု သေ့ဘောဘိုး ဒေသခံတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် အောင်ပွဲရ တော်လှန်ရေး ရဲဘော်များကို ကြိုဆိုဂုဏ် ပြုပွဲ၌ ကေအိုင်စီသို့ ပြောသည်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ် (မြဝတီမြို့ တောင်ဘက်) ရှိ သေ့ဘောဘိုး စစ်ကောင်စီစခန်းကို အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည့် တောလှန်ရေးရဲဘော်များကို ဒေသခံများက ယနေ့ ဇွန် ၅ ရက်နေ့ နံနက်ပိုင်းတွင် ကြိုဆိုဂုဏ်ပြုခဲ့ပြီး အခမ်းအနားတွင် ပါဝင်တက်ရောက်ဂုဏ် ပြုခဲ့သူ ပြည်သူတစ်ဦးက ယခုလို ပြောသည်။

”ဒီ သေဘောဘိုးမှာ စစ်တပ်စခန်းမရှိတော့တဲ့အပေါ်မှာ လူထုတွေအနေနဲ့ အရမ်း ဝမ်းသာကြိုဆိုကြတယ်။ သူတို့ (ပြည်သူ)တွေ အနေနဲ့လည်း သူတို့ရဲ့ ရဲဘော်စစ်သားကလေးတွေကိုချစ်လို့ အခုလို ဂုဏ်ပြုပေးကြတာပေါ့။ အခုလို စစ်အာဏာရှင်တွေကို ကျဆုံးအောင် စွမ်းဆောင်နိုင်ဖို့ ကျနော်တို့ ပြည်သူတွေက အားပေးတဲ့ သဘောပါ” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

တပ်မဟာ၆ နယ်မြေအတွင်း မေ ၂၃ ရက်မှစ၍ ယခုအချိန်အထိ သေ့ဘောဘိုးစခန်း အပါအဝင် စစ်ကောင်စီ တပ်စခန်း ၆ ခုဖြစ်သည့် ဘလယ်ဒိုစခန်း၊ ကနဲလေးစခန်း၊ ရွှေအေးမြိုင်စခန်း၊ ဘုရင့်နောင်ကုန်း စခန်းနှင့် မောခီးစခန်း တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ပြီးဖြစ်သည့်အတွက် တိုက်ပွဲဝင်ရဲဘော်များကို ပြည်သူလူထုများက ယခုလို ဂုဏ်ပြုခဲ့ခြင်း ဖြစ်သည်။

အဆိုပါ သေ့ဘော်ဘိုး စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ကရင် အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့-KNDO နှင့် ပြည်သူ့ ကာကွယ်ရေးတပ်မတော်-PDF တို့က ဇွန် ဇွန် ၃ ရက်နေ့ ညနေ ပိုင်းတွင် တိုက်ခိုက်သိမ်းယူခဲ့ခြင်း ဖြစ်သည်။

လက်ရှိတွင် တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ၌ မြဝတီ- ဝေါလေ ကားလမ်းတလျှောက်ရှိ စစ်ကောင်စီ တပ်စခန်း များအဖြစ် ဝေါလေဗျူဟာ၊ ဥကရစ်ထနှင့် ထီးကပလယ်စခန်းတို့သာ ကျန်ရှိသည်ဟု သိရသည်။