Home သတင်း ဝင်းရေးတွင် မပေါက်ကွဲသေးသည့် လက်နက်ကျည်ကို ဖယ်ထုတ်ရာမှ ပေါက်ကွဲပြီး ၄ ဦးဆုံး ၉ ဦးထက် မနည်း ဒဏ်ရာရ

ဝင်းရေးတွင် မပေါက်ကွဲသေးသည့် လက်နက်ကျည်ကို ဖယ်ထုတ်ရာမှ ပေါက်ကွဲပြီး ၄ ဦးဆုံး ၉ ဦးထက် မနည်း ဒဏ်ရာရ

750

ဇွန် ၅၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်၊ လွတ်ရှမ်းနှင့် မယ်ကလုရွာ လမ်း ပေါ်၌ မပေါ်ကွဲသေးသည့် လက်နက်ကြီး ကျည်တစ်လုံးကို ဇွန် ၃ ရက်နေ့တွင် နေရာပြောင်းရွှေ့စဉ် ပေါက်ကွဲမှု ဖြစ်ပွားပြီး ဒေသခံ ၄ ဦး သေဆုံးကာ ၉ ဦးထက်မနည်း ဒဏ်ရာရရှိသွားသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ကျည်သည် ၁၂၀ မမလက်နက်ကြီး ကျည်ခန့် ရှိသည်ဟု ကနဦးသိရပြီး ယခင်က ကျရောက်ပြီးနောက် မပေါက်ကွဲသေးသည့် လက်နက်ကြီးကျည်ဟောင်းဖြစ်ကာ ဇွန် ၃ ရက်နေ့ နံနက်ပိုင်းတွင် လမ်းပြင်သည့် ဒေသခံ များက တွေ့ရှိ ဖယ်ထုတ်ရှင်းလင်းရာမှ ယခုလို ပေါက်ကွဲသွားခြင်းဖြစ်သည်။

“ရွာသားတွေက အဲဒီမှာလမ်းသွားပြင်တော့ လက်နက်ကြီးကျည်တွေ့တော့ ဖယ်ရှားလိုက်တာ။ အဲဒီအချိန်မှာ လူတွေကလည်း လက်နက်ကြီးဖယ်ရှားတော့ လာကြည့်တာ၊ မြေကြီးတွေနဲ့ ကပ်နေတော့ သူတို့က အဲဒီမြေကြီး ကို ဓားနဲ့ဖယ်တာလား ထုလိုက်တာလားတော့ မသိဘူး။ ပေါက်ကွဲသွားတော့ လူအများကြီး ထိသွားတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ လက်နက်ကြီးကျည်သည် မည်သည့်အချိန်က ကျရောက်ပြီး မည့်သည့်တပ်က ပစ်သည်ကို မသိရသလို စစ်ကောင်စီက ထိုနေရာအနီးဝန်းကျင်ကို ယခင်ကလေယာဉ်ဖြင့် ဗုံးလာကြဲဖူးသလို လက်နက်ကြီးဖြင့် ပစ်ခတ် လေ့ ရှိသည်ဟု ဒေသခံများထံမှ သိရသည်။

လက်နက်ကြီး ကျရောက်သည့် ဒေသသည် ဝဲကလိ၊ မောကနင် စစ်ကောင်စီအမြောက်တပ်နှင့်နီးသလို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ ပူးပေါင်းတပ်တို့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ သည့် လွတ်ရှမ်းစစ်ကောင်စီ တပ်စခန်းနှင့်လည်း နီးနေကြောင်း သိရသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေထဲတွင် တိုက်ပွဲဖြစ်ပွားသည့်နေရာများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့်နေရာ များကို စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲမှု လုပ်ဆောင်ရာတွင် မပေါက်ကွဲသည့် ကျည်များကို ဒေသခံ များ သွားရောက်ကိုင်မိရာမှ ပေါက်ကွဲ၍ ထိခိုက်သေဆုံးမှုဖြစ်စဉ် ပိုမိုများလာသည်ဟု သိရသည်။

ထို့ကြောင့် ကျေးရွာအတွင်းနှင့် စာသင်ကျောင်းတွင်လည်း မိုင်းအန္တရာယ် အသိပညာပေးမှု တိုးမြင့်လုပ်ဆောင် ပေးရန် အထူးလိုအပ်နေသည်ဟု ကရင်လူ့အခွင့်အရေးအဖွဲ့ -KHRG က ပြောဆိုသည်။