Home သတင်း ဖားအံမြို့နယ် ဘန့်ဘွေးကုန်းရွာရှိ DKBA အဖွဲ့ကို KNLA ဝင်ရောက်ပစ်ခတ်၊ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

ဖားအံမြို့နယ် ဘန့်ဘွေးကုန်းရွာရှိ DKBA အဖွဲ့ကို KNLA ဝင်ရောက်ပစ်ခတ်၊ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

578
Photo: (DKBA ဗိုလ်ဘိအဖွဲ့)

ဇွန်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဖားအံမြို့နယ်၊ ဘန့်ဘွေးကုန်းအုပ်စု ကော့ဖျာကျေးရွာအနီးရှိ စစ်ကောင်စီတပ်နှင့် ပူးပေါင်းလျက်ရှိသည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် -DKBA အဖွဲ့ တပ်စွဲထားရာ နေရာကို ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA က ဇွန်လ ၁၅ ရက်နေ့တွင် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၂ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း နယ်မြေခံစစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

အဆိုပါ ကျေးရွာအနီးရှိ တောင်ခြေတစ်နေရာ၌ လမ်းမပေါ်တွင် ဝင်ရောက်တပ်စွဲနေထိုင်မှုကြောင့်လမ်း အသုံးပြုသူ ‌ဒေသခံများအတွက် စိုးရိမ်ကြောက်လန့်မှုဖြစ်စေ၍ ထိုနေ့ နံနက် ၁ နာရီခန့်တွင် KNLA တပ် ရင်း (၁)က ဝင်ရောက်ပစ်ခတ်မှု လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ကေအဲန်ယူဘက်က ပြောသည်။

ဒေသခံ သတင်းအရင်းအမြစ်တစ်ခုက “အရင်တုန်းက သွားဖို့လာဖို့ဆိုရင် အလုပ်သွားဖို့ဆိုရင် အဲ့ လမ်းကိုပဲ သုံးရတာ။ သူတို့ရှိတော့ မသွားရဲတော့ဘူးလေ။ လမ်းကိုအနှောင့်အယှက် ပေးတာမျိုး ပဲလေ။ သေနတ်တွေဘာတွေနဲ့ ရှိနေတော့ ဘယ်သူမှ မပြောရဲဘူး။ ဘယ်သူမှတောင် မကြိုက်ဘူး။ ရွာသားတွေ သွားစိုက်ပျိုးစားဖို့ ကြောက်နေရတယ်လေ” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ လမ်းပိုင်း၌ DKBA တပ်ဖွဲ့ဝင်များ ဝင်ရောက်တပ်စွဲနေထိုင်ခြင်းကို မလုပ်ဆောင်ရန် ကေအဲန်ယူ ဘက်က လာရောက်တားမြစ်မှုများလုပ်ဆောင်ခဲ့ပြီးနောက် နယ်မြေခံ KNLA တပ်ဖွဲ့က ၅ ကြိမ်ထက် မနည်း သွားရောက်ပစ်ခတ်တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့တွင်လည်း အဆိုပါ ဝင်ရောက်တပ်စွဲနေထိုင်သည့် DKBA တပ်ဖွဲ့ဝင်တို့၏ ထောင်ထားသော တိုက်မိုက်ကြောင့် ဖားအံခရိုင်၊ နို့မကွိဒေသခံ အမျိုးသားနှစ်ဦး ထိခိုက်ဒဏ်ရာရရှိ သေးကြောင်း ဒေသခံများထံမှ သိရသည်။

တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA အဖွဲ့ကို ယခင်ဒီမိုကရေစီအကျိုးပြု ကရင့် တပ်မတော် -DKBA တပ်မှူးဟောင်းဖြစ်ခဲ့သော ဗိုလ်ဘိဆိုသူက ဦးစီးဦးဆောင်သည့်အဖွဲ့ဖြစ်သည်။

Photo: (DKBA ဗိုလ်ဘိအဖွဲ့)

လက်ရှိတွင် အာဏာသိမ်းစစ်တပ်ကျောထောက်နောက်ခံပြုထားသော ကြာအင်းပေါ်တော်မူ ဆရာ တော်၏ အကာအကွယ်အစောင့်အရှောက်ဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်၊ ဖားအံမြို့နယ် နောဖာဒို၊ မယ့်ကရော(မိကရင်) ကျေးရွာအုပ်စုတို့တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပူးပေါင်းလှုပ်ရှားလျက်ရှိသည်။

ထို့အပြင် ၎င်းတို့ လှုပ်ရှားရာနယ်မြေအတွင်း အာဝါဒေးလောင်းကစားပွဲများဖွင့်လှစ်ခြင်းနှင့် ဂိတ်ဖွင့် ငွေကြေးတောင်းခံမှုများ လုပ်ဆောင်လျက်ရှိသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ ကုန်ပိုင်းမှစတင်ကာ ကျုံဒိုး-ကော့ကရိတ်လမ်းပိုင်းဘက်တွင်လည်း စစ်ကောင်စီ၏ ခွင့်ပြုချက်ဖြင့် ဝင်ရောက်တပ်စွဲအခြေချခဲ့ပြီး ခရီးသွားပြည်သူနှင့် ကုန်တင်ယာဉ်များထံမှ ဂိတ်ကြေးတောင်းခံမှုများ လုပ်ဆောင်ခဲ့သေးသည်။

ယခုနှစ် ဧပြီလဆန်းပိုင်းက ကေအဲန်ယူ ဦးဆောင်သည့် တော်လှန်ရေးတပ်ဖွဲ့များက ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ပြန်လည်ထိုးစစ်ဆင်ရာတွင် ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့ဝင်များလည်း ကျုံဒိုးမြို့သို့ ပြန်လည် ဆုတ်ခွါသွားခဲ့သည်။

အထက်ပါ အခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ဗိုလ်ဘိဦးဆောင်သည့် DKBA အဖွဲ့ကို ကေအိုင်စီက မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်မှု မရရှိခဲ့ပေ။