Home သတင်း KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ပဒိုနော်လားဖိုး စျာပန ပြုလုပ်ပြီးစီး

KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ဇနီး ပဒိုနော်လားဖိုး စျာပန ပြုလုပ်ပြီးစီး

825

ဇွန်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်

ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြ၏ ဇနီးဖြစ်သူ ပဒိုနော်လားဖိုး ၏ ရုပ်အလောင်းအား ဂူသွင်းသင်္ဂြိုဟ်သည့် ဈာပနအခမ်းအနားကို ယ‌နေ့တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့နယ်ရှိ မဲ့ကဆာကျေးရွာ ခရစ်ယာန်သုသာန်၌ ယနေ့ ပြုလုပ်ပြီးစီးခဲ့သည်။

ပဒို‌နော်လားဖိုးသည် လူကြီးရောဂါဖြင့် ‌ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်‌နေ့၊ နံနက် ၄ နာရီတွင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ အစိုးရဆေးရုံ၌ ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး ကွယ်လွန်ချိန်တွင် အသက် (၈၆) နှစ်ရှိပြီဖြစ်သည်။

သားဖြစ်သူ ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ‌စောနယ်ဒါးဘိုမြ နှင့် ကျန်ရစ် သူမိသား ဝင်များက ပဒိုနော်လားဖိုးအတွက် မဲဆောက်မြို့ပြင်ရှိ ဟွေ့မဲ့ပယ်ကျေးရွာနေအိမ်၌ ယနေ့နံနက်ပိုင်းက ဝတ်ပြုဆုတောင်းခြင်းအစီအစဥ်ပြုလုပ်ခဲ့ကြပြီးနောက် ရုပ်အလောင်းကို ခရစ် ယာန်ထုံးတမ်းအစဉ်လာအရ မဲ့ကဆာသုသာန်၌ ဂူသွင်းမြှုပ်နှံခြင်း ဈာပနအခမ်းအနား ပြုလုပ်ခဲ့သည်။

“ကျနော့် အဖေနဲ့ အမေက ကျနော့်အတွက်တော့ အကောင်းဆုံး စံပြပုဂ္ဂိုလ်တွေပဲ။ သူတို့နှစ်ယောက်က စည်းစည်းလုံးလုံးအမြဲရှိပြီး တစ်ယောက်နဲ့တစ်ယောက် အကြံပေးဖေးမကြတယ်။ သူတို့ ချမှတ် ထားတဲ့ လမ်းစဉ်တွေအတိုင်း ကျနော်တို့ သားသမီးတွေကလည်း စံနမူနာထားပြီးတော့ ရှေ့ဆက်အကောင်းဆုံး လုပ်သွားဖို့လိုတယ်။ ဒါက သန္နိဌာန်ပါပဲ။ နှိမ့်ချဖို့ ၊ ကိုယ့်လူမျိုး ကိုယ့်ပတ်ဝန်းကျင်ကလူတွေကို ချစ်ဖို့၊ အခြားလူတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ အမြဲတမ်း ကျနော်တို့ကို ဆုံးမတယ်။” ဟု သားဖြစ်သူ ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြက ကေအိုင်စီသို့ ပြောသည်။

ပဒိုနော်လားဖိုးသည် ၁၉၈၅ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ်အထိ ကရင်အမျိုးသမီးအစည်းအရုံး-KWO ၌ ဥက္ကဋ္ဌအဖြစ် ခြောက်ကြိမ်တိုင်တိုင် ရွေးကောက်တာဝန်ပေးခြင်းခံခဲ့ရသည်။ ထို့နောက် ကရင်အမျိုး သားအစည်းအရုံး-ကေအဲန်ယူတွင်လည်း ဗဟိုအမှုဆောင်ကော်မတီဝင်တစ်ဦး အဖြစ် ပါဝင်ခဲ့ပြီး ကရင့်တော်လှန်ရေးတွင် ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများ၌ ထဲထဲဝင်ဝင် ပါဝင်ခဲ့ခြင်းကြောင့်လည်း လုပ်ဖော်ကိုင်ဖက်များအကြား လူသိများကြသည်။

ယနေ့ စျာပနသို့ တက်ရောက်လာသူ KWO ၏ လက်ရှိ ဥက္ကဋ္ဌ နော်ကညောဖောက “အဖွားက KWO ရဲ့ ပထမဦးဆုံး ဥက္ကဋ္ဌ တစ်ယောက်ဖြစ်တယ်။ သူ့ရဲ့ ဦးဆောင်မှုကြောင့်ပဲ ကျမတို့ KWO က ဒီကနေ့ အချိန်ထိ ရပ်တည်နိုင်သေးတာ ဖြစ်တယ်။ KWO မှာ သူလုပ်လာတဲ့ နှစ် ၂၀ ကျော်အတွင်း သူ့တာ ဝန်ကိုလည်း ပြည့်ပြည့်ဝဝလုပ်တယ်။ ဦးဆောင်မှု ကဏ္ဍမှာလည်း မလစ်ဟင်းဘူး။ ကျမတို့ အတွက် စံပြပုဂ္ဂိုလ်တစ်ဦးဆိုလည်း မမှားဘူး” ဟု ပြောသည်။

ပဒိုနော်လားဖိုး၏ ဈာပနအခမ်းအနားသို့ ကျန်ရစ်သူမိသားစု အပါအဝင် KWO ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ သူမ၏ မိတ်ဆွေများနှင့် ဧည့်သည်များ စုစုပေါင်း လူဦးရေ ၂၀၀ ဝန်းကျင် တက်ရောက်နှုတ် ဆက်ခဲ့ကြသည်။

ပဒိုနော်လားဖိုးသည် KNU ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောဘိုမြနှင့် ၁၉၆၂ ခုနှစ်တွင် လက်ထပ်ခဲ့ပြီး သားသမီး (၇) ဦးထွန်းကားခဲ့သည်။ ကွယ်လွန်ချိန်တွင် သားဖြစ်သူ ကော်သူးလေအာမီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောနယ်ဒါးဘိုမြနှင့် သမီး ၃ ယောက်အပြင် မြေး ၂၁ ဦးတို့ ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ထို့အတူ ကေအဲန်ယူ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်ရှိ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO ဌာနချုပ်ရှိရာ မူအေးပူနေရာတွင်လည်း ပဒိုနော်လားဖိုးအတွက် အမိန့်ပြန်တမ်းခြင်း အစီအစဉ် ပြုလုပ်ပေးခဲ့သည်။