Home သတင်း အဓမ္မ ဖမ်းဆီးမှုများကြောင့် ရန်ကုန်မြို့ရောက် ဧရာ၀တီတိုင်းလူငယ်များ စိုးရိမ်မှုမြင့်တက်နေ

အဓမ္မ ဖမ်းဆီးမှုများကြောင့် ရန်ကုန်မြို့ရောက် ဧရာ၀တီတိုင်းလူငယ်များ စိုးရိမ်မှုမြင့်တက်နေ

1354
Photo: CJ

ဇွန် ၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ရန်ကုန်မြို့ကို ရောက်ရှိအလုပ်လုပ်ကိုင်နေကြတဲ့လူငယ်များကို စီကောင်စီ နှင့် ၎င်းနောက်လိုက် ပျူစောထီး ဆိုသူများက ပုံစံမျိုးစုံဖြင့် အဓမ္မ ဖမ်းဆီး စစ်မှုထမ်းခိုင်းစေတာမျိုးလုပ်နေသောကြောင့် ရန်ကုန်ရောက် ဧရာဝတီ တိုင်းလူငယ်များအနေဖြင့် စိုးရိမ်မှုများ မြင့်တက်နေရသည်ဟု ပြောဆိုကြသည်။

ဧရာဝတီတိုင်း နှင့် ရခိုင်ပြည်နယ်က လူငယ်များမှာ အဓိက ပစ်မှတ်ထား စစ်ဆေးတင်းကြပ်မှုများ ခံနေရသလို မတရား ဖမ်းဆီးခေါ်ဆောင်မှုများလည်း ကြုံနေကြရသောကြောင့် စိုရိမ်စိတ်များဖြင့် အလုပ်လုပ် ကိုင်နေရ သည်ဟု ရန်ကုန်ရောက် မြောင်းမြမြို့နယ်က အမည်မဖော်လိုသူ အမျိုးသမီးဦး က အခုလို ပြောသည်။
၎င်းက “တစ်ခုခုဆို အကုန် သတိထားနေရတာ။ လမ်းကြောင်းက အခြေအနေသိပ်မကောင်းဘူးကြားလို့ အိမ်ကို တောင်မပြန်ရဲဘူး။ ကျမတို့ ဘက်က လူလိုက်ခေါ်နေကြတာပဲ။ လောလောဆယ်တော့ရွာမှာ ကျန်ခဲ့တဲ့ မိသားစုအတွက် စိုးရိမ်တယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

တော်လှန်ရေး အင်အားစုများ၏ စစ်ရေး အရှိန်အဟုန် မြင့်တင်လာမှု နှင့် ဧရာဝတီတိုင်းဘက်ကို ထိုးဖောက် ဝင်ရောက်မည် ဆိုသည့် သတင်းများကြောင့် စစ်ကောင်စီဘက်က ၁၄ မျဉ်းစောင်း မှတ်ပုံတင် ကိုင်ဆောင်သူ များကို လုံခြုံရေး ပိုမို တင်းကြပ်စစ်ဆေးမှုတွေ ပြုလုပ်နေခြင်းဖြစ်သည်ဟု ရန်ကုန်ရောက် ဧရာဝတီတိုင်း ဒေသခံများက ဆိုသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် စစ်မှုမထမ်းလိုကြသည့် လူငယ်အများအပြား ရန်ကုန်မြို့ကို ထွက်ပြေး တိမ်းရှောင်လာကြပေမဲ့ ရန်ကုန်တွင်လည်း အဖမ်းအဆီးပြုလုပ်နေ၍ စိုးရိမ်မှုများဖြင့် အလုပ် လုပ်ကိုင်နေကြ ရသည် ဟုလည်း လူငယ်များက ဆိုသည်။

ဒါ့အပြင် မိသားစု စားဝတ်နေရေးအတွက် မြို့ပေါ် တက်အလုပ်လုပ်ကိုင်နေကြသော်လည်း ကျေးရွာများမှာ စစ်မှုထမ်းဆောင်သူများအတွက် လစဉ်ထောက်ပံ့ကြေးများကို အခက်အခဲကြားက ဖြေရှင်းပေးဆောင်နေရပြီး မပေးဆောင်နိုင်သူများအနေဖြင့်လည်း ခြိမ်းခြောက်ခံရမှုများရှိကြောင်း စစ်မှုထမ်းမဲပေါက်ပြီး ရန်ကုန်ရောက် နေသည့် အိမ်မဲမြို့နယ်က လူငယ်တစ်ဦး၏ မိခင်ဖြစ်သူက အခုလိုပြောသည်။

Photo: CJ

“လတိုင်း စစ်မှုထမ်းအတွက် ‌ပိုက်ဆံ လာကောက်တာကို ပေးရတယ်။ ပေးဖို့ ပိုက်ဆံမရှိတဲ့ အခါဆို ခြိမ်းခြောက် ပြောဆိုနေတော့ အသိတွေက တဆင့် ချေးငှားပြီး ပေးနေရတယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

အလာတူ ဧရာဝတီတိုင်းအတွင်းရှိ ကျေးရွာများတွင် စစ်မှုထမ်း အသက်အကျုံးဝင်သော နေအိမ်များအပြင် ကျေးရွာအလိုက် စစ်မှုထမ်းကြေးကို လစဉ် သို့မဟုတ် စစ်မှုထမ်း အပတ်စဉ် ခေါ်ယူမှုအပေါ် အခြေခံပြီး ပုံစံ အမျိုးမျိုးဖြင့် ယနေ့အချိန်ထိ ပေးဆောင်နေကြဆဲဖြစ်သည်။

လက်ရှိတွင်လည်း ရန်ကုန်တိုင်း နှင့် ဧရာတီတိုင်း ကို ဆက်သွယ်ထားသည့် လမ်းမကြီးများတွင် ဂိတ်ချ စစ်ဆေးမှု များ ပိုမိုတင်းကြပ်လာသလို ရန်ကုန်ကနေ နယ်ပြန်မည့် လူငယ်များကို ပစ်မှတ်ထားကာ ကားမောင်းသမားများ အသွင်ဆောင်ထားကြသည့် စစ်တပ်ထောက်ခံသူများက အဓမ္မ လိမ်လည် ဖမ်းဆီးခေါ်ဆောင်မှုများ ပြုလုပ်ကာ စစ်တပ်ထဲသို့ ပို့ဆောင်ကြသည့်ဖြစ်စဉ်များလည်း ပိုမို များပြားလာကြောင်း သိရသည်။

မြို့နယ်ပေါင်း ၄၅ မြို့နယ်ဖြင့် ဖွဲ့စည်းထားသော စီးပွားရေးမြို့တော် ရန်ကုန်တွင် ဒေသအသီးသီးမှ လာရောက် အလုပ်လုပ်ကိုင်သူအများအပြားရှိသည့်အနက် ဧရာဝတီတိုင်းမှ ရွှေ့ပြောင်းဝင်ရောက် အလုပ်လုပ်ကိုင်သူ အများ အပြားရှိသည်။