ဇွန် ၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
စစ်ရေးတင်းမာနေသည့် ကျုံဒိုးမြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းစဖွင့်သည့် ဇွန် ၃ ရက်နေ့တွင် ကျောင်းသား ၁၀ ဦးသာ ကျောင်းလာတက်သည်ဟု မြို့ခံပညာရေး အသိုင်းအဝိုင်းက ပြောသည်။
ယခုလို စစ်ရေးတင်မာနေသော်လည်း စစ်ကောင်စီက ပညာရေးဝန်ထမ်းများကို ဖိအားပေး ကျောင်းဖွင့်ခိုင်းခြင်း ဖြစ်ပြီး အဆိုပါကျောင်း၌ ကျောင်းစဖွင့်သည့် ဇွန် ၂ ရက်နေ့တွင် မဖွင့််နိုင်ခဲ့သလို ဇွန် ၃ ရက်နေ့တွင် ကျောင်းအုပ်ကြီး အပါအဝင် ဆရာ၊ ဆရာမ ၁၀ ဦးခန့် ကျောင်းဖွင့်ရန် ရောက်ရှိလာပြီး မြို့တွင်းရှိ ကလေးများကို လိုက်လံခေါ်ယူ ကျောင်းတက်ခိုင်းခြင်း ဖြစ်သည်။
“ဇွန်၂ ရက် ကျောင်းဖွင့်ရမယ်လို့ လုပ်တာ၊ မြို့ထဲမှာ လူမနေရဲ ကြဘူး။ အဲ့တာ မနေ့က ၃ ရက်နေ့က ကျောင်အုပ် ကြီးနဲ့ ကျောင်းဆရာမတွေ ဆယ်ယောက်လောက် လာတယ်။ ရပ်ကွက်ထဲ ကလေးတွေကို လိုက်ပြောတော့ ၁၀ ယောက်လောက် လာတက်တယ်။ ပြီးတော့ ပြန်လွှတ်လိုက်တယ်၊ လက်နက်ကြီး ကတစ်နေကုန်ပစ်သံ ကြားနေ ရတာလေ၊ လာကျရင် မလွယ်ဘူး” ဟု အခြေအနေကို မျက်မြင် သိထားသူတစ်ဦးက ပြောသည်။
ကျုံဒိုးမြို့ပေါ်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၊ အလယ်တန်းကျောင်း တစ်ကျောင်းနှင့် မူလွန်ကျောင်း ၂ ကျောင်း ရှိကာ ကျုံဒိုးအထက်တန်းကျောင်းသည် ယခင်က ပုံမှန်ကျောင်းဖွင့်ရာသီတိုင်း ကျောင်းသူ၊ ကျောင်းသား ထောင်ချီ တက်ရောက်ခဲ့သည့် ကျောင်းတစ်ခု ဖြစ်ခဲ့ဘူးသည်။

လတ်တလော ကျုံဒိုးတွင် KNLA၊ မဟာမိတ်တပ်များနှင့် စစ်ကောင်စီတို့ နှစ်ဘက် ပစ်ခတ်တိုက်ခိုက်မှု နေ့စဉ် ဖြစ်ပေါ်နေပြီး မြို့ခံအများစုမှာ ဂျိုင်းကျေးရွာ၊ ခရဲ ရွာ၊ ကော့ကဒါကျေးရွာ၊ သာမည၊ ဒူရိန်ရွာများ ဘက်သို့ စစ်ဘေး ရှောင် နေထိုင်နေကြပြီး ကျောင်းနေအရွယ်ကလေးများကို ခိုလှုံနေထိုင်ရာ နေရာအနီးရှိ ကျောင်းများတွင် ပညာ သင်ကြားရေး ဆက်လုပ်နေသည်ဟု စစ်ရှောင်မိဘများထံမှ သိရသည်။
“ကျုံဒိုးက ကလေးအများစုက ဂျိုင်းရွာကြီး ခရဲစာသင်ကျောင်းမှာ တက်နေကြတယ်။ တချို့လည်း သာမည ကျောင်းကြီး မှာတက်ကြတယ်။ တချို့ကလေးတွေ သူတို့ရှောင်နေတဲ့ ရွာကျောင်းတွေမှာ ဝင်ပြီး စာသင်တာ မျိုးရှိတယ်။ ကျုံဒိုးကိုတော့ ပြန်မနေရဲ သေးဘူး” ဟု ကျုံဒိုးစစ်ရှောင် ကျောင်းသား မိဘတစ်ဦးက ပြောသည်။
စစ်ကောင်စီ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးကမူ ကျောင်းနေအရွယ် ကလေးအားလုံးကျောင်းသို့ ရောက်ရှိရေး၊ ကျောင်း ထွက်သူမရှိစေရေး၊ ကျောင်းနေမြဲရေး၊ တန်းစဉ်ကူးပြောင်းမှုနှုန်း မြင့်မားရေး ကြိုးပမ်းဆောင်ရွက်ကြရန် ဖားအံမြို့ အထက (၂) ၌ မေ ၂၂ ရက်နေ့တွင်ပြုလုပ်သည့် ကျောင်းအပ်နှံရေးနေ့၌ ပြောဆိုခဲ့သည်ဟု သတင်းထုတ် ပြန်ထားသည်။
လက်ရှိ ကျုံဒိုးမြို့ပေါ်ရှိ ကျောင်းများတွင်မူ ကျောင်းတက်သူ ကလေးများ မရှိသော်လည်း ဆရာ၊ ဆရာမများက ရုံး တက်၊ ရုံးဆင်း ပုံစံ ကျောင်းလာဖွင့်ခြင်းမျိုး ပြုလုပ်နေသည်ဟု သတင်းရင်းမြစ်များက ပြောသည်။



















