ဇွန်လ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ တနောသရီမြို့နယ်၊ သိန်ခွန်းကျေးရွာအနီးတဝိုက်တွင် စစ်ကြောင်းထိုး ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်များကြား တကျော့ပြန် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိနေကြောင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်က ဇွန်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။
နံနက် ၈ နာရီဝန်းကျင်မှစတင်ပြီး သိန်ခွန်းကျေးရွာအနီးတဝိုက်နှင့် မောတောင်တကြောကို ပြန်လည် ထိန်းချုပ်နိုင်ရေး စစ်ကြောင်းထိုးဝင်ရောက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်ရင်း(၁၁)လက်အောက်ခံ တပ်ဖွဲ့ဝင်များကြား တကျော့ပြန်တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောဆိုသည်။
ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယနေ့နှစ်ဖက်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည့် နေရာတဝိုက်နှင့် ဒေသခံပြည်သူများနေထိုင်ရာ အနီးပတ်ဝန်းကျင်နေရာများသို့ ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲ တိုက်ခိုက်သွားကြောင်း သိန်ခွန်းကျေးရွာနေ ဒေသခံတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
“ဒီနေ့ နံနက်(၁၀)နာရီဝန်းကျင်မှာ ဂျက်တိုက်လေယာဉ်နဲ့ လာပြီးကြဲသွားတယ်။ ဘာတွေထိခိုက်သွား လဲဆို တာတော့ အတိအကျတော့မသိသေးဘူး။ ဒီမောတောင်တကြောဘက်မှာတော့ လေယာဉ်တွေနဲ့မကြာခဏ ဗုံးလာကြဲတာမျိုးရှိပါတယ်၊၊ တချို့ဒေသခံတွေကတော့ လေယာဉ်ကိုကြောက်လို့ အရင်ကတည်းက ရှောင်နေရတာမျိုးတော့ရှိပါတယ်။”ဟု ၎င်းဒေသခံက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ခင်းပိုင်းအချိန်တွင် ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးအကြီး(၂)လုံးနှင့် ဗုံး အငယ်(၁၀)လုံးထက်မနည်း လာရောက်ဗုံးကြဲတိုက်ခိုက်သွားသောကြောင့် ဒေသခံများတစ်စုံတစ်ရာ ထိခိုက်မှု မရှိသော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များနေထိုင်ရာ နေရာများကို ထိမှန်ခဲ့ကြောင်း ကေအဲန်ယူ မြိတ်-ထားဝယ်ခရိုင်ဘက်မှ ပြောသည်။
စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ် တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်လမ်းကို ပြန်ထိန်းချုပ်ရန်အတွက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များ နှင့် ဒေသအခြေစိုက်တော်လှန်ရေး တပ်များအကြား ရက်ရှည် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလျက်ရှိနေကြောင်း ဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
ထိုသို့ တိုက်ပွဲများ မကြာခဏဖြစ်ပွားပြီး လမ်းပိတ်ဆို့၍ ကုန်စည်သယ်ယူပို့ဆောင်ရေး အခက်အခဲဖြစ်ကာ မော တောင်မြို့တွင် ပြည်တွင်းထုတ် စားနပ်ရိက္ခာများ ဝယ်ယူရန်ခက်ခဲလျက်ရှိသည်ဟု ဒေသခံများက ပြောဆိုသည်။



















