ဇွန်လ ၂၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်အခြေစိုက် အမှတ်(၃) စစ်အခြေခံလေ့ကျင့်ရေးသင်တန်းကျောင်း စခတ-၃ တွင် စစ်ကောင်စီက ဒရုန်းအမျိုးအစားအစုံအသုံးပြုမှုသင်တန်းများ ပေးနေကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့်လုံခြုံရေးဆိုင်ရာအဖွဲ့-MDSI က ထုတ်ပြန်သည်။
အဆိုပါသင်တန်းကျောင်းတွင် DJI၊ Autel၊ VTOL fixed wing UAV အမျိုးအစားကင်းထောက်ဒရုန်းများနှင့် Quadcopter ၊ Hexacopter တိုက်ခိုက်ရေးဒရုန်း အသုံးပြုမှုသင်တန်းများကို သင်တန်းသား ၂၀၀ ခန့်ခေါ်ယူသင်တန်းပေးနေပြီး တရုတ်နိုင်ငံထုတ် ရဟတ်ယာဥ်ငယ်ပုံစံရှိသည့် Military Micro Drone (စစ်ဘက်ဆိုင်ရာသုံး မိုက်ခရိုကင်းထောက်ဒရုန်း) အမျိုးအစားများကိုလည်း ထည့်သွင်းလေ့ကျင့်ပေးကြောင်း သိရသည်။
ဒရုန်းကျွမ်းကျင်ပညာရှင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက “မိုက်ခရိုကင်းထောက်တွေက အထူးစစ်ဆင်ရေး တွေမှာသုံးတာ၊ ဟယ်လီကော်ပတာသေးသေးလေးတွေ။ ရှေ့တကမ်းကိုလူကိုယ်တိုင်မသွားဘဲ ဒရုန်းနဲ့ ထောက်တာ။ မြို့တွင်းမှာ အထပ်မြင့်အဆောက်အဦးတွေ အိမ်တွေထဲကို ဝင်ရှင်းချင်တဲ့အခါ တိတ်တဆိတ် လွတ်တာမျိုးပေါ့။ တောထဲမှာဆိုရင်တော့ သိပ်အဆင်ပြေမယ်မထင်ဘူး။ များသောအားဖြင့်တော့ စကစ က Multi ဒရုန်းတွေသုံးတာများပါတယ်” ဟု ပြောသည်။
ထို့အပြင် စစ်ကောင်စီက ခြေလျင်တပ်များအပါအဝင် ဒရုန်းသင်တန်းအတွက် သီးသန့်သင်တန်းသားများ ခေါ်ယူပေးနေခြင်းဖြစ်ပြီး စစ်မှုထမ်းရန်လူစုဆောင်းခံရသူများထဲမှ နည်းပညာကျွမ်းကျင်သူများကိုပါ ရွေးချယ်သင်တန်းပေးနေသည်ဟု MDSI က ဆိုသည်။
ဒရုန်းသင်တန်းများအတွက် နေ့လည်ဘက်တွင် လက်တွေ့အသုံးပြုပုံနှင့်ညဘက်တွင် စာတွေ့သင်ကြား ပေးခြင်းဖြစ်သည်ဟုလည်း MDSI က ၎င်းတို့၏တပ်တွင်းသတင်းအရင်းအမြစ်ကို ကိုးကားဖော်ပြသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏အဆိုအရ အာဏာသိမ်းကာလအစပိုင်း နှစ်ဖက်တိုက်ပွဲများ၌ တော်လှန်ရေးအင် အားစုများက စစ်ကောင်စီသို့ ဒရုန်းအသုံးပြုတိုက်ခိုက်မှုသာ ရှိခဲ့သော်လည်း ယခုနောက်ပိုင်း စစ်ကောင်စီ ဘက် ကပါ ဒရုန်းဖြင့်ပစ်ခတ်တိုက်ခိုက်မှု ပိုမိုများပြားလာပြီး တစ်ဆထက်တစ်ဆ မောင်းသူမဲ့ အသေခံဒရုန်းများနှင့် အဆင့်မြင့်ဒရုန်းများကို အသုံးပြုလာကြောင်း သိရသည်။
ယခုအထိ ဆက်လက်ဖြစ်ပွားနေသည့် ကော့ကရိတ်-မြဝတီအာရှလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီဘက်က လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုအပြင် ဒရုန်းအများအပြားပါသုံးပြီး တိုက်ခိုက်နေ၍ တော်လှန်ရေးတပ်ဖွဲ့များ အထိနာ ရသည်ဟု ဆိုသည်။
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာနချုပ်နှင့် တပ်မဟာ(၇)ရှိသည့် နယ်မြေတွင်လည်း စစ်ကောင်စီက မောင်းသူမဲ့အသေခံဒရုန်းများဖြင့်ပစ်ခတ်တိုက်ခိုက်မှု ယခု ၂၀၂၅ ခုနှစ်အတွင်း ၃ ကြိမ် ရှိခဲ့ပြီးဖြစ်သည်။



















