Home သတင်း ဇွန်လအတွင်း ကမမောင်းနှင့်အနီးတဝိုက် တောတိုးစဉ် မိုင်းထိမိသူ ၃ ဦး ရှိလာ

ဇွန်လအတွင်း ကမမောင်းနှင့်အနီးတဝိုက် တောတိုးစဉ် မိုင်းထိမိသူ ၃ ဦး ရှိလာ

744
Photo: ဖာပွန်ခရိုင်၊ ကမမောင်း လူမှုကူညီကယ်ဆယ်ရေးအဖွဲ့

ဇွန် ၂၂၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဖာပွန်ခရိုင် ကမမောင်းမြို့နှင့် အနီးရှိ သထုံခရိုင် ဖားအံမြို့နယ်၊ ဝဲပျံ နှင့် ဖားဘောင်ရွာတို့တွင် ယခု ဇွန်လအတွင်း တောတိုးစဉ် မိုင်းထိမိပြီး ဒဏ်ရာပြင်းထန်စွာ ရရှိသည့် ဒေသခံ ၃ ဦးအထိ ရှိလာသည်ဟု ကမမောင်း လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန် ၄ ရက်နေ့တွင် တောတွင်း ရာသီပေါ် ဟင်းသီးဟင်းရွက်များလိုက်လံရှာဖွေသည့် ဖားဘောင်ရွာမှ အမျိုးသမီးတစ်ဦး တိုက်မိုင်းကြောင့် လက်နှင့်ပေါင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသလို ဇွန်လ ၁၇ ရက်နေ့ နှင့် ၂၀ ရက်နေ့တွင်လည်း ဝဲပျံရွာနှင့် ကမမောင်းမြို့ အမှတ်(၄) ရပ်ကွက်နေ အမျိုးသား နှစ်ဦးတို့ အလားတူ မိုင်းနင်းမိပြီး ခြေထောက်ပြတ်ထွက်ဒဏ်ရာများ ရရှိခဲ့သည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူ တစ်ဦးက ယခုလို ပြော သည်။

“အဲဒီသုံးယောက်လုံးက တောထဲမှာမျှစ်ရှာ ကောက်ကောက်ညွှန့်ချိုး၊ အင်ဥကောက်တဲ့ အဖွဲ့တွေပဲလေ။ သူတို့ စားဝတ် နေရေးအတွက် ဈေးထဲမှာရောင်းဖို့ တောထဲဝင်ရင်းဖြစ်တာ။ မိန်းကလေး တစ်ယောက်ကတော့ လက် ဖြတ်ရတယ်၊ ပေါင်ထိတာတော့ ဘယ်လိုအစားထိုးမလဲ မသိဘူး။ တိုက်မိုင်းဆိုတော့ လက်ရောပေါင်ရော ကြေ ကုန်တာ။ ယောင်္ကျားလေး နှစ်ယောက်ကတော့ နင်းမိုင်း။ နှစ်ယောက်လုံး ပြတ်တယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ဒဏ်ရာရရှိသူ (၃) ဦးကို ဖားအံမြို့ပေါ်ရှိ ဆေးရုံကြီးသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးကုသမှု ခံယူစေခဲ့သည ဟု သွားရောက်ကူညီပေးခဲ့သည့် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က ပြောဆိုသည်။

ကမမောင်းမြို့နှင့် အနီးတဝိုက်နေရာများသည် ကေအဲန်ယူ နယ်မြေအတွင်း ဖြစ်သော်လည်း နယ်ခြားစောင့်တပ်-BGF နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှုပ်ရှားသွားလာရာ နယ်မြေလည်းဖြစ်ခြင်းကြောင့် မည်သည့်တပ်ဖွဲ့က ထောင်ထားသည့် မိုင်းဖြစ်သည်ကိုမူ သီးခြားအတည်ပြု၍ မရ ဖြစ်နေသည်။

ကေအဲန်ယူ၊ တပ်မဟာ(၅) တာဝန်ရှိသူများက ဖာပွန်-ကမမောင်းလမ်းပိုင်းတစ်လျှောက် မြေမြှုပ်မိုင်းများရှိသဖြင့် အရပ်သားသွားလာခွင့် ကန့်သတ်ထားပြီး KNLA က မိုင်းရှိသည့် နေရာများကိုလည်း ဒေသခံများထံ အသိပေး တားမြစ်မှု ပြုလုပ်လေ့ရှိသည်ဟု ပြီးခဲ့သည့်နှစ် နိုဝင်ဘာတွင် တပ်ပိုင်းဆိုင်ရာတာဝန်ရှိသူက ကေအိုင်စီသို့ ပြောခဲ့သည်။

ကမမောင်းမြို့နှင့်အနီးတဝိုက်ရွာများ၌ ယခုလို မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရဖြစ်စဥ်များ မကြာခဏ ဖြစ်ပွားလာ၍ အသွားအလာသတိထား ဆင်ခြင်နေရကြောင်း ဒေသခံများကဆိုသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလပိုင်းကလည်း ကမမောင်းမြို့လယ်ခေါင်ရှိ လူအများအပန်းဖြေရာနေရာ၌ ဆယ်ကျော်သက်အရွယ် မိန်းကလေးငယ် ၃ ဦး မြေမြှုပ်မိုင်းနင်းမိပြီး ခြေထောက်ထိခိုက် ဒဏ်ရာများ ရရှိခဲ့ သေးသည်။