Home သတင်း စစ်ကောင်စီရှို့မီးနှင့်လက်နက်ကြီးကြောင့် လိပ်သို၊ အလယ်ချောင်းရွာ နေအိမ်(၂)လုံးပြာကျပြီး ကလေးငယ်တစ်ဦး သေဆုံး

စစ်ကောင်စီရှို့မီးနှင့်လက်နက်ကြီးကြောင့် လိပ်သို၊ အလယ်ချောင်းရွာ နေအိမ်(၂)လုံးပြာကျပြီး ကလေးငယ်တစ်ဦး သေဆုံး

805
Photo: CJ

ဇွန်လ ၁၇ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၂) တောင်ငူခရိုင်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သို၊ အလယ်ချောင်း(အောက်)ရွာတွင် စစ်ကောင်စီက မီးရှို့ဖျက်ဆီးသဖြင့် နေအိမ်(၂)လုံး မီးလောင်ပြာ ကျသွားပြီး လက်နက်ကြီးထိမှန်မှုကြောင့် အသက်(၅)နှစ်အရွယ် ကလေး ငယ်တစ်ဦး သေဆုံးခဲ့ရကြောင်း လိပ်သိုဒေသသတင်းအရင်းအမြစ်များက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၅ ရက်နေ့က တောင်ငူ-လိပ်သိုလမ်းအတိုင်း စစ်ယာဥ်တန်းနှင့်အတူလိုက်ပါလာသည့် စစ်ကောင်စီတပ်နှင့် လမ်းရှင်းပေးသည့် လိပ်သိုမြို့အခြေစိုက် စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၆၀၃၊ အလယ်ချောင်းစစ်တပ်စခန်းတို့မှ လက်နက်ကြီးပစ်ခတ်မှု ပြုလုပ်ပေးခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုနောက် စစ်ကောင်စီက မီးရှို့ဖျက်ဆီးသဖြင့် အလယ်ချောင်း(အောက်)ရွာ လမ်းထိပ်ရှိ အရပ်သားနေအိမ်(၂)လုံး မီးလောင်ပြာကျသွားပြီး ယင်းနေ့တစ်ရက်တည်းတွင်ပင် လက်နက်ကြီးပစ်ခတ်မှုကြောင့် အလယ် ချောင်း(အောက်)ရွာခံသားအဖနှစ်ဦးအနက် ကလေးငယ်တစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟု လိပ်သိုဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

“အလယ်ချောင်းအောက်ရွာနဲ့ကတ္တရာလမ်းပေါ်က လမ်းခွလေ၊ အဲဒီမှာအိမ်နှစ်အိမ်ရှိတယ်။ အဲဒီနှစ် အိမ်ကို မီးရှို့လိုက်တာ ဘာမှမကျန်တော့ဘူး။ ပိုင်ရှင်တွေကတော့ထွက်ပြေးသွားတယ်။ သူတို့ကား လမ်းရှင်းတဲ့အနေနဲ့ပစ်တော့ လူတွေကထွက်ပြေးတယ်၊ အဲ့လိုပစ်တာကိုမှ သားအဖနှစ်ယောက်က ပြေးရင်းနဲ့ကလေးကိုသူ့အဖေက ကျောပိုးထားတာ၊ လက်နက်ကြီးထိပြီး ကလေးကပွဲချင်းပြီးသေတယ်။ သူ့အဖေကတော့ ရင်ဘတ်မှာထိတယ်” ဟု ကေအိုင်စီကို ပြောသည်။

Photo: CJ

ဒဏ်ရာရထားသည့် အဆိုပါ ဖခင်ဖြစ်သူအား လတ်တလော နယ်မြေတွင်း ပဋိပက္ခအခြေအနေများ ကြောင့် တောင်ငူမြို့ဆေးရုံကြီးသို့ မပို့နိုင်ဘဲ လိပ်သိုမြို့ပေါ်ဆေးရုံတွင်သာ အရေးပေါ်ကုသမှု ပေးထားရကြောင်း ဇွန်လ ၁၅ ရက်နေ့ကဖြစ်စဥ်ကို သိရှိသူ ဒေသခံအချို့က ပြောသည်။

တောင်ငူခရိုင် စစ်ရေးသတင်းအရင်းအမြစ်များနှင့် သံတောင်ကြီးမြို့နယ်သတင်းအရင်းအမြစ်များ၏ ပြောဆိုချက်အရ ရေတာရှည်လိပ်သိုလမ်းပိုင်း၊ တောင်ငူ-သံတောင်-လိပ်သိုလမ်းပိုင်းများပေါ်တွင် စစ်ကောင်စီက အင်အားဖြည့် စစ်ကြောင်းထိုးဝင်များရှိနေပြီး အချို့ရွာရှိပြည်သူပိုင်နေအိမ်များပေါ် စခန်းချ၊ အိမ်ရှိပစ္စည်းများ ခိုးယူသုံးစွဲခြင်းတို့ရှိသည်ဟု သိရသည်။

အလားတူ ပြီးခဲ့သည့် ဧပြီလပိုင်းကလည်း လိပ်သိုဒေသ၊ သံမိုးတောင်ရွာသို့ ဝင်ရောက်လာသော စစ် ကောင်စီက ရွာရှိ ခရစ်ယာန်ဘုရားကျောင်းဝင်းအတွင်းရှိ ဘုရားရှိခိုးကျောင်းအဆောင်နှင့် အိမ်များကို မီးရှို့ဖျက်ဆီးခဲ့သေးသည်။