Home သတင်း ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း တပ်ပြန်ဆုတ်

ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းတွင် စစ်ကောင်စီစစ်ကြောင်း တပ်ပြန်ဆုတ်

432
Photo: CJ

ဇွန် ၂၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်ကို ပြန်စိုးမိုးရန် စစ်ကောင်စီတပ်များ လက်နက်ကြီးပစ်ကူဖြင့် စစ်ကြောင်းထွက် ထိုးသော်လည်း ထိခိုက်မှုများ၍ ဇွန် ၂၅ ရက်နေ့တွင် ဆိုင်ရာ တပ်ရင်းများဘက်သို့ တပ်ပြန်ဆုတ်သွားသည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ လမ်းပိုင်ကို ပြီးခဲ့သည့် ဧပြီလကတည်းက ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ မဟာ မိတ်ပူးပေါင်းတပ်များက တိုက်ခိုက်ထိန်းချုပ် ဖြတ်တောက် ထားသည့်အတွက် စစ်ကောင်စီက အတွဲလိုက်ပစ် မစ်ဇိုင်းရော့ကက်ဒုံး၊ ၁၂၂ မမ ဟေင်ဝပ်ဇာ အမြောက်များ ပစ်ကူနှင့် လေကြောင်း၊ ဒရုန်းဗုံးများသုံးပြီး စစ်ကြောင်း ထွက်ထိုးခဲ့သော်လည်း ယခုတစ်ကြိမ်အပါအဝင် ၃ ကြိမ်တိုင် တပ်ပြန်ဆုတ်သွားရသည့် အခြေအနေမျိုး ဖြစ်သည်။

“သူတို့ စကစတွေ ဘယ်ကမှတိုးလို့မရဘူး။ စစ်သားသစ်တွေ ကျတာ၊ ထိတာ အပြင် အရာရှိတွေပါထိတော့ ကျုံဒိုး ခမရ(၅၄၅) ဘက်ကို တစ်ကြောင်းနဲ့ ၅၄၆ တပ်ရင်း ဘက်ကို တစ်ကြောင်း ပြန်ဆုတ်ရတယ်။ တပ်လန်တာပေါ့ နော်၊ အဲဒီ့အခြေ အနေတော့ ဖြစ်နေတယ်” ဟု တော်လှန်ရေးတပ် မြေပြင်စစ်ကြောင်း သတင်းအရင်း အမြစ်ပြော သည်။

လက်ရှိ ဖားအံဘက်မှာ ကျုုံဒိုးသို့ စစ်ကောင်စီက စစ်ကူ၊ လက်နက်ခဲယမ်းများ ပို့ဆောင်နေပြီး စစ်ကူစစ်ကြောင်း ထွက်ရန် ပြင်ဆင်မှုများရှိနေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ဆိုသည်။ ထို့အပြင် ကျုံဒိုးမြို့ပေါ်ရှိ ဘုန်း ကြီးကျောင်းများ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းချနေထိုင်နေပြီး ကျောင်းစောင့် ဘုန်းကြီးများသာ ကျန်ရှိတော့ သည့်အခြေအမျိုးဖြစ်နေသည်ဟု ဒေသတွင်းသတင်းရင်းမြစ်က ပြောသည်။

“ကျုံဒိုးမှာ ဘုန်းကြီးကျောင်း ၇ ကျာင်းရှိတယ်။ အခုက တောင်ပေါ်ကျောင်းနဲ့ တောရကျောင်းဘဲ ကျောင်းစောင့် ဘုန်းကြီးဘဲ ကျန်တော့တယ်။ တပ်တွေက ဘုန်းကြီးကျောင်းတိုင်းမှာ ရှိနေတယ်၊ ရပ်ကွက်ထဲက ကြက်၊ ဝက်၊ ဆိတ်တွေ လိုက်ဖမ်းစား နေကြတယ်” ဟု ၎င်းသတင်းရင်းမြစ်က ပြောသည်။

ထို့အပြင် ကျုံဒိုးမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းတစ်ကျောင်းမှ ဦးဇင်းတစ်ပါးကို တော်လှန်ရေးတပ်များထံ သတင်းပေး သည်ဟု စွတ်စွဲကာ ဖမ်းဆီးသွားသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြု၍ မရဖြစ်နေ သည်။

လက်တလော ဇွန် ၂၆ ရက်နေ့ထိ စစ်ကောင်စီက ခြေစိုက်တပ်ရင်းများမှ စစ်ကြောင်းထွက်ထိုးမှုကို တော်လှန်ရေး မဟာမိတ် ပူးပေါင်းတပ်များက နွားခြံကုန်း၊ ကိုးတိုင်၊ သုံးထပ်တိုက် နေရာများနှင့် မြဝတီ အာရှလမ်း အောင်ဇေယျ စစ်ကြောင်း နေရာများကို ဖြတ်တောက် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်း၊ ဒရုန်း ကင်းထောက်ပျံသန်းပြီး လက်နက်ကြီးများ ပြန်လည် ပစ်ခတ်နေသည်ဟု သိရသည်။