ဇွန်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာနိုင်ငံရှိ ကလေးငယ်များ စစ်ကောင်စီ၏အကြမ်းဖက်မှုမှ အကာအကွယ်ရရှိရေး ကုလ သမဂ္ဂလုံခြုံရေးကောင်စီကို တိုက်တွန်းတောင်းဆိုသင့်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M) က ကုလသမဂ္ဂကျွမ်းကျင်သူများအား ဇွန်လ ၁၂ ရက်စွဲဖြင့် အကြံပြုထားသည်။
စာသင်ကျောင်းများကို စစ်ကောင်စီကဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းနေအရွယ်ကလေးများ အစုလိုက်အပြုံလိုက် သေကြေရမှုဖြစ်စဥ်များအပေါ် စစ်ကောင်စီ အရေးယူခံရမှုမရှိခြင်းနှင့်ဆက်စပ်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းကို ရှုတ်ချ၍ အကာအကွယ်အတွက် လုံခြုံရေးကောင်စီသို့ အချက်(၈)ချက်ဖြင့် တောင်းဆိုသွားရမည်ဖြစ်ကြောင်း အကြံပြုချက် ဖော်ပြလာခြင်းဖြစ်သည်။
SAC-M က စစ်ကောင်စီမှ ကလေးစစ်သား စုဆောင်းခြင်း၊ ကလေးများအပေါ်အကြမ်းဖက်၊ အခွင့် အရေးချိုးဖောက်ခြင်း၊ လူသားစာနာကူညီမှုအပေါ် အလွဲသုံးစားလုပ် ပိတ်ပင်ခြင်းမှ ရပ်တန့်ရန်နှင့် ဖမ်းဆီးထားသည့်ကလေးများကို ပြန်လွှတ်ပေးရန် ကုလကျွမ်းကျင်သူများနှင့် လုပ်ပိုင်ခွင့်ရကိုယ်စားလှယ်၊ အဖွဲ့များပူးပေါင်းပြီး ကုလလုံခြုံရေးကောင်စီထံ တောင်းဆိုရမည်ဟု ဆိုသည်။
ထုတ်ပြန်ချက်အတွင်း စစ်ကောင်စီကြောင့် ၂၀၂၂ ခုနှစ်က စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာ စာသင်ကျောင်းတွင် ကလေးငယ် ၁၂ ဦးထက်မနည်းသေဆုံးခဲ့ရမှု၊ ၂၀၂၅ ခုနှစ် မေလ ၁၂ ရက်နေ့က ဒီပဲယင်းမြို့နယ်၊ အိုးတိန်တွင်းရွာ စာသင်ကျောင်းမှ ကလေးငယ် ၂၂ ဦး သေဆုံးရမှုတို့ကို နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အာဆီယံမှ အရေးယူခြင်းမရှိသည်ကိုလည်း SAC-M က ထောက်ပြထားသည်။

ထိုသို့ စာသင်ကျောင်းမှ ကလေးငယ်များ ပစ်မှတ်ထားတိုက်ခိုက်ခံရမှုမှ ကာကွယ်ရန် မြန်မာတစ်နိုင်ငံလုံးအပစ်ခတ် အမှန်တကယ်ရပ်စဲရေး၊ လေကြောင်းအထောက်အပံ့နှင့် စစ်လက်နက်များရရှိမှုမှ တားဆီးရေး၊ ၎င်းတွင်ပါဝင်ပတ်သက်နေသည့် နိုင်ငံများ၊ စီးပွားရေး လုပ်ငန်းများအား စစ်ကောင်စီ၏ရာဇဝတ်မှုကြံရာပါအဖြစ် လူသိရှင်ကြားဖော်ထုတ် အရေးယူရေး တို့လုပ်ဆောင်ရမည်ဟု ဆိုသည်။
စစ်ကောင်စီဥက္ကဋ္ဌ မင်းအောင်လှိုင်အပါအဝင် အပေါင်းအပါများမှ ကလေးငယ်များအပေါ်ကျူးလွန်သည့် ရာဇဝတ်မှုများအပေါ် ဖမ်းဝရမ်းထုတ်ရုံသာမက နိုင်ငံ့တရားရုံးများ၌ တရားစွဲဆိုအရေးယူပေးရန် ICC နှင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများသို့တွန်းအားပေးရမည်ဖြစ်ကြောင်းလည်း SAC-M က ကုလ ကျွမ်းကျင်ပညာရှင်များ၊ ကိုယ်စားလှယ်များကို အကြံပြုထားသည်။
ထို့အတူ ပဋိပက္ခဖြစ်နေသည့်ဒေသများသို့ ကုလသမဂ္ဂ ဝင်ရောက်နိုင်ခွင့်ကိုလည်း တောင်းဆိုသွား ရမည်ဖြစ်ပြီး ကလေးများအတွက်အကူအညီရရှိမှုအပါအဝင် စောင့်ကြည့်တိုင်ကြားမှုနှင့် အသက်ရှင်ကျန်ရစ်သည့် ကလေးများကို ပံ့ပိုး၍ ကာကွယ်ရမည်ဟု ဆက်စပ်ပြောဆိုသွားသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၁၉၀ ကျော်တွင် ကလေးသူငယ်များအခွင့်အရေးအတွက် အလုပ်လုပ်နေသည့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)မှ ယခုနှစ် ဧပြီလ ၁ ရက်နေ့က သတင်းထုတ်ပြန် ချက်အရ လူသားချင်းစာနာမှုအထောက်အပံ့များလိုအပ်နေသည့် မြန်မာနိုင်ငံတွင် နိုင်ငံတဝှမ်း နေရပ်ရွှေ့ပြောင်းနေထိုင်ရသူ(IDPs)ဦးရေ၏ သုံးပုံတစ်ပုံမှာ ကလေးငယ်များဖြစ်ပြီး အရေအတွက်အားဖြင့် ၆.၅ သန်းကျော်ရှိကြောင်း သိရသည်။



















