Home သတင်း ကရင်နီတွင် ဒေသတချို့ စက်သုံးဆီ ဈေးတက်

ကရင်နီတွင် ဒေသတချို့ စက်သုံးဆီ ဈေးတက်

673
Photo: CJ

ဇွန် ၁၉၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်နီ (ကယား) ပြည်နယ်၊ ဒေသတချို့တွင် တိုက်ပွဲများ ဖြစ်ပွားပြီး လမ်းများပိတ်ဆိုစ့်ထား၍ စက်သုံးဆီ ဈေးမြင့် တက်နေသည်ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသူ တစ်ဦးက ပြောသည်။

လက်ရှိ ရှမ်း-ကရင်နီ နယ်စပ်၊ မိုးဗြဲ၊ ဖယ်ခုံ၊ ဒီးမော့ဆိုလမ်းပိုင်းတွင် စစ်ကောင်စီနှင့် ပအိုဝ်းပြည်သူ့ စစ်တပ်ဖွဲ့ဝင် များ ဇွန်ပထမ အပတ်ကတည်းက စစ်ကြောင်းထိုးဝင်ရောက်လာပြီး တော်လှန်ရေးတပ်များနှင့် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားနေကာ လမ်းပိတ်ဆို့သွားသည့် အခြေအနေ ဖြစ်ပေါ်လျက်ရှိသည်။

ထို့အပြင် တောင်ငူလမ်း၊ ရေနီလမ်းနှင့် လွိုင်ကော်လမ်းများလည်း ပိတ်ထားသည့်အတွက် စက်သုံးဆီသယ်ယူရန် မလွယ်ကူသလို လွိုင်ကော်-ဒီးမော့ဆို လမ်းပိုင်းတွင်လည်း စစ်ကောင်စီက ကုန်ပစ္စည်းအားလုံးကို ဖမ်းဆီးနေ သည်ဟု စစ်ဘေးရှောင်ကူညီနေသူ အမျိုးသား တစ်ဦးက ယခုလို ပြောသည်။

“ဆီပြတ်နေတာ တစ်ပတ် ဝန်းကျင်လောက်ရှိပြီး။ တောင်ငူလမ်း ရေနီလမ်း လွိုင်ကော်လမ်းတွေ ပိတ်ထားတော့ ဆီသယ်ရ မလွယ်ဖြစ်နေတာ။ လွိုင်ကော် ဒီးမော့ဆို လမ်းပိုင်းမှာဆိုရင် စကစကကုန်တွေကို အဖမ်းအဆီး ရှိတယ်၊ တချို့ဆီဆိုင်ကြီးတွေကတော့ ရှေ့အပတ်လောက်ကတည်းက ဆီကားတွေ ဝင်တယ်။ ဒါပေမယ့် သူတို့က ဆိုင် မဖွင့်ပဲ ဆက်ပိတ်ထားတယ်။ တချို့ဆိုင်သေးသေးလေးတွေကလည်း ဖွင့်လိုက်ပိတ်လိုက်ပဲ” ဟု၎င်းက ပြောသည်။

ယခုလို အခြေအနေများကြောင့် ကရင်နီတွင် နေရာဒေသပေါ်မှုတည်၍ ဓာတ်ဆီ တစ်လီတာ ကျပ် ၇,၀၀၀ မှ ၁၀,၀၀၀ ကျပ် ထိ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာသည်ဟု ဒေသခံများထံမှ သိရသည်။

ကရင်နီ ပြည်နယ်တွင် တိုက်ပွဲများကြောင့် စစ်ရှောင်ဦးရေ တိုးလာပြီး ဖယ်ခုံအနောက်ဘက်ခြမ်းမှ ထွက်ပြေးလာ သည့် စစ်ရှောင်အများစု စားနပ်ရိက္ခာနှင့် နေရာထိုင်ခင်းအတွက် အမိုးအကာ အထောက်အပံ့များ အရေးပေါ် လိုအပ် နေသည်ဟု စစ်ဘေးရှောင် ကူညီနေသူများက ပြောသည်။