Home သတင်း ရိက္ခာ၊ ဆေးဝါး သယ်ဆောင်ခွင့် ပိုတင်းကြပ်လာသဖြင့် တနင်္သာရီ စစ်ဘေးရှောင်များ အခက်ကြုံ

ရိက္ခာ၊ ဆေးဝါး သယ်ဆောင်ခွင့် ပိုတင်းကြပ်လာသဖြင့် တနင်္သာရီ စစ်ဘေးရှောင်များ အခက်ကြုံ

725
Photo: (နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့)

ဇွန်လ ၁၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီနှင့် မြိတ်မြို့နယ်၏ အဓိကလမ်းပိုင်းဖြစ်သည့် ပြည် ထောင်စု လမ်းမကြီးပေါ်ရှိ စစ်ဆေးရေးဂိတ်များတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်ခွင့်ကို စစ်ကောင်စီက ယခင်ထက် စစ်ဆေးတပ်ကြပ်မှုများကြောင့် ဒေသတွင်းရှိ စစ်ဘေးရှောင်များ အခက်ကြုံတွေ့နေသည်ဟု ဒေသတွင်းသုတေသန အဖွဲ့ဖြစ်သည့် FE5 Tanintharyi အဖွဲ့ထံမှ သိရသည်။

မြိတ်-တနင်္သာရီလမ်းပိုင်းအတွင်း ရိက္ခာ၊ ဆေးဝါး အပြင် စက်သုံးဆီများ စသည့် ပတ်သက်သည့်အရာများကို ၎င်းလမ်းပိုင်းရှိ အာဏာသိမ်းစစ်ကောင်စီ၏ စစ်ဆေးရေးဂိတ်များမှ အဓိက ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေခြင်း ဖြစ်ခြင်း ဖြစ်သည်။

စားနပ်ရိက္ခာသယ်ဆောင်သည့် လမ်းကြောင်းသည် တိုက်ပွဲဖြစ်ပြင်းထန်သည့် နေရာများအပေါ် မူတည်ပြီး ပိတ်ဆို့ထားခံရခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ကန့်သတ်တားမြစ်ခံရသည့် ဒေသများ ပိုမိုများပြားလာကြောင်း FE5 Tanintharyi အဖွဲ့ အယ်ဒီတာကိုကျော်က ယခုလို‌ ပြောသည်။

“ကန့်သတ်တာက ဒေသပေါ်မူတည်ပြီး အချိန်ကြာတာ မတူဘူး၊ အချို့ဒေသတွေဆိုရင် ၂၀၂၃ ကတည်းက ပိတ်ထားတာ အခုထိပဲ။ ဒီနှစ်ဆန်းမှာတော့ ပိတ်ဆို့ခံရတဲ့ ဒေသတွေပိုများလာတယ်။ အဓိကကတော့ တော်လှန်ရေး အားကောင်းတဲ့ဒေသတွေကို ပိုပြီးပိတ်ဆို့လာတာဖြစ်တယ်။ ဆန်နဲ့ရိက္ခာ သယ်ယူတာတွေကို တားဆီးတယ်။ ဆေးဝါးနဲ့ လောင်စာဆီ သယ်ယူတွေကို ကန့်သတ်ထားတယ်” ဟုကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ဆေးဝါးသယ်ဆောင်ခွင့် ကန့်သတ်မှုကြောင့် စစ်ရှောင်အများစု ဖြစ်ပွားနေသည့် ဝမ်းပျက်ဝမ်းလျှော၊ ငှက်ဖျားနှင့် သွေးလွန်တုပ်ကွေးရောဂါများအတွက် အရေးပေါ် ဆေးဝါးကုသမှု လိုအပ်လျက်ရှိပြီး သောက်သုံးရေသန့်ရှင်းမှုနှင့် နေထိုင်စားသောက်မှုအတွက် အမိုးအကာနှင့် ယာယီအဆောက်အအုံ များလိုအပ်နေကြောင်းလည်း အယ်ဒီတာကိုကျော်က ဆက်ပြောသည်။

ပြီးခဲ့သည့် မေလ ၁၄ရက်နေ့တွင် မြိတ်မြို့နယ်အတွင်းရှိ ကြေးနန်းတိုင်တံတား စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင်ဓာတ်ဆီတင်လာသည့်ကား ဖမ်းဆီးခံရပြီးနောက် တနင်္သာရီနှင့် ဘုတ်ပြင်းမြို့နယ်အတွင်း အခြေခံစားသောက်ကုန်များအပြင် ဆေးဝါးနှင့် စက်သုံးဆီစျေးများ ထိုးတက်သွားပြီး ဒေသခံများအပါအဝင် စစ်ဘေးရှောင်များ ယခုလို အခက်တွေ့နေရသည်ဟု ဒေခံများက ပြောသည်။

တနင်္သာရီတိုင်းတွင် မေလတစ်လအတွင်း စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်းတိုက်ခိုက်မှုများ ကြောင့် နေရပ် စွန့်ခွါထွက်ပြေးတိမ်းရှောင်သူဦးရေ စုစုပေါင်း ရှစ်သောင်းကျော်ရှိသည်။ ၎င်းထဲတွင် ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ ရေဖြူမြို့နယ်နှင့် သရက်ချောင်းမြို့နယ်အတွင်း အနည်းဆုံး လူဦးရေလေးသောင်းတစ်ထောင်ကျော် ရှိကြောင်း FE5 Tanintharyi အဖွဲ့မှထုတ်ပြန်ချက်အရ သိရသည်။