Home သတင်း အဖမ်းအဆီးများ၍ ဖားအံ-မြဝတီ ကုန်တင်ယာဥ်အများစု ပြေးဆွဲမှုရပ်နား

အဖမ်းအဆီးများ၍ ဖားအံ-မြဝတီ ကုန်တင်ယာဥ်အများစု ပြေးဆွဲမှုရပ်နား

173
Photo: KIC (ပုံဟောင်း)

ဇွန်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အပြင် အခြားမြို့နယ်များတွင်လည်း ယခုရက်ပိုင်းအတွင်း လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးစစ်ဆေးမှုများ ပိုမိုလုပ်ဆောင်လာခြင်းကြောင့် လိုင်စင်မဲ့ ကုန်တင်ယာဉ်အများစု ကုန်သယ်ယူပို့ဆောင်မှု ရပ်နားထားသည်ဟု ကုန်တင်ယာဉ်မောင်းများက ပြောသည်။

ကရင်ပြည်နယ်အတွင်း လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များ အပြင် စစ်ကောင်စီက အကောက်ခွန်မဲ့ ကုန်စည်များပါ ဖမ်းဆီးစစ်ဆေးမှုများ လုပ်ဆောင်နေသည့်အတွက် ကုန်တင်ယာဉ်ကြီး ယာဉ်ငယ်များ အသွားအလာ နည်းပါးနေသလို အများစုက ပြေးဆွဲမှုရပ်ဆိုင်းထားရခြင်းဖြစ်ကြောင်း မြဝတီ-ဖားအံ ကုန်စည်ပို့ ဆောင်နေကုန်သည်တစ်ဦးက ယခုလို ပြောသည်။

“ လိုင်စင်ကားတစ်စီး ရှိပေမယ့် သွားမရဲဘူး။ ပစ္စည်းတွေက ကျူတီမဲ့တွေမို့လို့။ လိုင်စင်ကားလည်း ပစ္စည်းတွေတွေ့ရင် အကုန်ဖမ်း သိမ်းတယ်။ ပြန်ရွေးလို့ရတယ် ဆိုပေမယ့် တစ်ရာကျော်ကြီးပဲ သူတို့ရွေးခိုင်းတယ် ။ ကားက ၄ ရာတန်လို့ ရှိရင် ၂ ရာ လောက် ထက်ဝက် ပြန်ရွေးခိုင်းတယ်။ ပစ္စည်းရော ကားရော တဝက်ချိုးပြီး လျော်ခိုင်းတဲ့သဘော။ ကျူတီမဲ့ လိုင်စင်မဲ့ကားဆို အကုန်သိမ်း ပြန်ရွေးမရဘူး။ အခြေအနေက တော်တော်ဆိုးတော့ အများအားဖြင့် တော်တော်နားကြတယ်” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခုလို ကုန်တင်ကားမောင်းလုပ်ငန်း ရပ်နားလိုက်သောကြောင့် ယာဥ်မောင်းနှင့် ယာဥ်လိုက် ငှားရမ်းလုပ်ကိုင်ရသည့် မြဝတီမှ ထိုင်း-မြန်မာ ကုန်စည်တင်ပို့ရောင်းဝယ်သူများအနေဖြင့် ကားပြေး ဆွဲသည့် ရပ်နားမှု ရက်ရှည်လာလျှင် အလုပ်သမားငှားရမ်းခ စရိတ်များအတွက် ထိခိုက်မှု ရှိလာနိုင်သည်ဟု အဆိုပါ ကုန်သည်က ဖြည့်စွက်ပြောသည်။

ထို့အပြင် စစ်ကောင်စီက လိုင်စင်မဲ့မော်တော်ယာဉ်များကို ယခင်က ဖားအံမြို့တွင်သာ အဓိက ဖမ်းဆီး အရေးယူမှုများ လုပ်ဆောင်သော်လည်း ယခုလမ်းဂွလမ်းဆုံ နေရာများနှင့် ကျေးရွာများဘက် မှ ဖားအံ မြို့ဘက်သို့ လာရောက်ကြသည့် လိုင်စင်မဲ့ ကားများ၊ ဆိုင်ကယ်များကိုလည်း ဖမ်းဆီးစစ်ဆေးမှုပိုမို တင်းကြပ်လာသည့်အတွက် နီးစပ်ရာမြို့ထဲသို့ သွားလာလုပ်ကိုင်ရန် အခက်အခဲဖြစ်နေရကြောင်း လိုင်စင်မဲ့ယာဉ်မောင်းသူများက ပြောသည်။

Photo: KIC (ပုံဟောင်း)

ဖားအံတွင် ဇွန် ၁ ရက်နေ့မှ စ၍ လိုင်စင်မဲ့ယာဉ်များအား ‌ ထိုသို့ အလျင်းသင့်သလို ဖမ်းဆီးရာ၌ ဇွန် ၉ ရက်နေ့ထိ လိုင်စင်မဲ့ယာဉ်ဖမ်းဆီးရမိမှု စီး‌ရေ အစီး ၁,၀၀၀ ကျော်ခန့် ရှိနေသည်။ ‌ဒေသခံလူထုများအနေဖြင့် ယခု ဆက်လက်ဖမ်းဆီးမှုအ‌ပေါ် သွားလာ‌ရေး အခက်ကြုံကာ အစိုးရမှ တစုံတရာ နည်းလမ်းရှာ ‌ဖြေရှင်း‌ပေးရန် ဒေသခံများက ပြောဆိုလျက်ရှိကြောင်း သိရသည်။

ဖားအံမြို့ခံ ကုန်စည်ရောင်းချသူ တစ်ဦးက “ ပြည်နယ်လိုင်စင်ဘာတွေ လုပ်ပေးရင်တော့ ဘယ်သူဖြစ်ဖြစ် လုပ်မှာပဲလေ ။ သိတဲ့အတိုင်းပဲ ကရင်ပြည်နယ်မှာက အိမ်စီးကားတွေက အစ အကုန်လုံး ဝစ်သောက်(လိုင်စင်မဲ့)တွေပဲ။ ဒီလောက် ဝစ်သောက်များတဲ့နေရာမှာ လာဖမ်းတယ်ဆိုတော့ ဘယ်လိုလုပ်ရတော့မလဲ” ဟု ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လိုင်စင်မဲ့မော်ယာဉ်များကို လမ်းဆုံနေရာများတွင် အဖွဲ့စုံ စုပေါင်း၍ ဖမ်းဆီးစစ်ဆေးမှုများသာ လုပ်ဆောင်ခဲ့သော်လည်း ယခုအချိန်တွင် လမ်းပေါ်ထွက်သည့် လိုင်စင်မဲ့ ယာဉ်များမကဘဲ ရပ်ကွက်အတွင်းရှိ နေအိမ်ရှေ့တွင် ရပ်ထားသည့် လိုင်စင်မဲ့ယာဉ်များကိုပါ ဖမ်းဆီး သိမ်းယူမည့် သတင်းများကြောင့် လိုင်စင်မဲ့ ကားတချို့သည် လိုက်လံဝှက်ထားမှုများ လုပ်‌ဆောင်‌နေကြသည်ဟု မြို့ခံများ၏ ‌ပြောပြချက်အရ သိရ သည်။

လက်ရှိ တိုင်းစီမံချက်ဖြင့် တင်းကျပ်နေခြင်းဖြစ်သည့် ဖမ်းဆီးမှုတွင် လိုင်စင်မရှိသည့် ပရဟိတလူမှုကူညီရေးအသင်းများမှ လူနာတင်ယာဉ်များ စစ်ဆေး ဖမ်းဆီးခံရသော်လည်း စစ်ကောင်စီနှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်အဖွဲ့ ယာဉ်များ၊ စစ်ကောင်စီ ထောက်ခံသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အသုံးပြုနေသည့် လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးခြင်း မရှိကြောင်း မြို့ခံများက ပြောသည်။

လက်ရှိ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီ၏ လိုင်စင်မဲ့ကား ဆိုင်ကယ်များကို ဖမ်းဆီးနေမှုကြောင့် လိုင်စင် ရှိ ကား၊ ဆိုင်ကယ် စသည့်ယာဉ်များ ဈေးခုန်တက်သွားပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးကွက် ပေါ်ပေါက် လာကြောင်း မြို့ခံများ၏ ပြောပြချက်အရ သိရသည်။