Home သတင်း သထုံခရိုင်တွင် မေလအတွင်း လူနေအိမ် ၅၇ လုံးပျက်စီး၊ အရပ်သား ၃ ဦးသေဆုံးခဲ့

သထုံခရိုင်တွင် မေလအတွင်း လူနေအိမ် ၅၇ လုံးပျက်စီး၊ အရပ်သား ၃ ဦးသေဆုံးခဲ့

355
Photo: KNU

ဇွန်လ ၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU၊ သထုံခရိုင်/ တပ်မဟာ (၁) နယ်မြေတွင် စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုကြောင့် မေလအတွင်း လူနေအိမ် ၅၇ လုံးပျက်စီးပြီး အရပ်သားပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း ခရိုင်၏ လချုပ်မှတ်တမ်းအရ သိရသည်။

သထုံခရိုင်အတွင်းရှိ ကျိုက်ထို၊ ဖားအံနှင့် ဘီးလင်းမြို့နယ်တို့တွင် ဧပြီလအတွင်း စစ်ကောင်စီက ကျေးရွာများသို့ လက်နက်ကြီး (၂၃) ကြိမ်၊ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု (၁၆) ကြိမ် စုစုပေါင်း (၃၉)ကြိမ် ပစ်ခတ်မှုလုပ်ဆောင်ခဲ့သည်။ ထိုပစ်ခတ်မှုကြောင့် ဒေသခံပြည်သူတို့ သေဆုံးသလို ၆ ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ် အဆောက်အဦးအပါအဝင် ဘုန်ကြီးကျောင်း ၁ ကျောင်းနှင့် ဆေးရုံ ၂ ရုံ ထိခိုက်ပျက်စီးခဲ့သည်ဟု ခရိုင်က ပြုစုထုတ်ပြန်သည့် လချုပ်စာရင်း၌ ဖော်ပြထားသည်။

လက်ရှိအချိန်ထိ ကျေးရွာအတွင်း လေယာဉ်နှင့် လက်နက်ကြီးများပါ ပစ်ခတ်တိုက်ခိုက်မှု ရှိသည့်အတွက် ဒေသခံ သောင်းနှင့်ချီ စစ်ဘေးတိမ်းရှောင်နေကြရသည်ဟု သထုံခရိုင်က ထုတ်ပြန်ထားသည်။ ၎င်းအပြင် ကျေးရွာရှိ စစ်ရှောင်လူနေအိမ်များကိုလည်း စစ်ကောင်စီက တန်ဖိုးရှိ ပစ္စည်းများနှင့် ကုန်စုံဆိုင်များ ဖောက်ထွင်းဖျက်ဆီးပြီး ကုန်ပစ္စည်းများ ယူဆောင်လျက်ရှိ ရှိ‌နေသည်ဟု ကေအဲန်ယူ၏ သထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။

၎င်းက “ဝင်းကံရွာမှာ စစ်ကောင်စီတပ်က လူနေအိမ်ထဲကိုဝင်ပြီး အကုန်မွှေပြီး ရှုပ်ပွထားတယ်။ ဘာတွေပါသွားလဲ၊ စာရင်းကောက်မတတ်တော့ဘူး။ အိမ်ရှင်ကိုမေးဖို့လည်း အိမ်ရှင်က ဘယ်ရောက်သွားလဲမသိဘူး ရှာမတွေ့ဘူး။ ကျောက်ရေတွင်းရွာက လုပ်တာနည်းတယ် ဘော့ကေးရွာကတော့အကုန်နီးပါးပဲ။ အိမ်ကြီးတွေဆိုရင်အိမ်တိုင်းပဲ သွားမွှေတယ်။ ဘုန်းကြီးကျောင်းမှာက ဘုန်းကြီးငွေသိန်း ၁၀၀ ကျော်ပျောက်သွားတယ်လို့ပြောတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုကဲ့သို့ စစ်ကောင်စီ၏ လေကြောင်း နှင့် လက်နက်ကြီးများဖြင့်ပါ ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သောကြောင့် ဒေသခံများ လုပ်ကိုင် စားသောက်နေသည့် လယ်ယာ၊ တောင်ယာများ ထိခိုက်ပျက်စီးခဲ့သည့်အပြင် ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသော ဒေသခံများအနေဖြင့်လည်း ယခုအချိန်ထိ နေရပ်ပြန်နိုင်ခြင်းမရှိသေးကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ခရိုင်၏ လချုပ်မှတ်တမ်းအရ မေလအတွင်း ကျိုက်ထိုနှင့် ဘီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တို့ ပူးပေါင်းတပ်ဖွဲ့အကြား တိုက်ပွဲပေါင်း (၆) ကြိမ် ဖြစ်ပွားခဲ့သည်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က (၇) သေဆုံးကာ (၆) ဦး ဒဏ်ရာရရှိပြီး လက်နက်ခဲယမ်းအချို့လည်း သိမ်းဆည်းရမိခဲ့သည်ဟု ကေအဲန်ယူက ဆိုသည်။

စစ်ကောင်စီသည် ငလျင်ဘေးသင့်ဒဏ်ပြန်လည်ထူထောင်ရေးအတွက်ဟုဆိုကာ ဧပြီ လလယ်မှ စတင်၍ ဇွန်လကုန်အထိ အပစ်ခတ်ရပ်စဲရေးကာလ တစ်လတစ်ခါ သက်တမ်း တိုးထားသော်လည်း ကော်သူးလေဒေသအပါအဝင် နိုင်ငံတဝန်းလုံးကို လေကြောင်းတိုက်ခိုက်မှုနှင့် ပစ်ခတ်မှုများ လုပ်ဆောင်လျက်ရှိသည်။