ဇွန်လ ၁၀ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ(၇) ဖားအံခရိုင်၊ လှိုင်းဘွဲမြို့ပေါ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်း (ခလရ-၂၈) သို့ ပြီးခဲ့သည့် ဇွန်လ ၈ ရက်နေ့က အရပ်သားအသုံးပြုသည့် ကုန်တင်မော် တော်ယာဥ်များပေါ် စစ်ကောင်စီက လက်နက်နှင့်လူအင်အားအများအပြား သယ်ဆောင်ကာ အင်အားဖြည့်လာကြောင်း မျက်မြင်တွေ့ရှိသူ မြို့ခံများမှ သိရသည်။
အရပ်သုံး ၆ ဘီး မော်တော်ယာဥ်တစ်စီးလျှင် စစ်ကောင်စီတပ်ဖွဲ့ဝင် ခန့်မှန်းခြေ ၅၀ ဝန်းကျင် လိုက်ပါ လာပြီး လက်နက်ခဲယမ်းအပြည့်တင်ဆောင်လာသည့် ယာဥ် ၄ စီးသည် ဇွန်လ ၈ ရက်နေ့ နေ့လည်ပိုင်းက လှိုင်းဘွဲမြို့အတွင်း ဝင်ရောက်လာခြင်းဖြစ်သည်ဟု ထိုယာဥ်တန်းကို တွေ့ရှိလိုက်သူ မြို့ခံတစ်ဦးက ပြောသည်။
“၆ ဘီးကား၊ တာလပတ်အစိမ်းတွေအုပ်ပြီးသွားတာ တစ်စီးကို ခန့်မှန်းခြေ ၅၀ လောက်ပါမယ်။ လက်နက်ခဲယမ်းပါ အပြည့်ပါတယ်။ ဘေးပတ်လည်ရော၊ အနောက်ရော တာလပတ်ပိတ်ပြီးသွားတော့ မသိရင်ကုန်ကားပဲပေါ့၊ နောက်မှ သူတို့(စစ်ကောင်စီ)တွေပါလာမှန်း သိတယ်” ဟု အဆိုပါမြို့ခံက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ အရပ်သုံးကုန်တင်ယာဥ်များပေါ်လိုက်ပါလာသော စစ်ကောင်စီတပ်ဖွဲ့များမှာ ပြီးခဲ့သည့် ၂၀၂၂-၂၀၂၃ ခုနှစ်ဝန်းကျင်ကတည်းက ကေအဲန်ယူ တပ်မဟာ(၅)ဘက်ရှိ တိုက်ပွဲများအတွင်းမှ လှိုင်းဘွဲမြို့ပေါ်ရှိ စစ်ကောင်စီ၏ခြေလျှင်တပ်ရင်း ခလရ-၂၈ သို့ရောက်လာသူများ ဖြစ်သည်ဟုလည်း တပ်တွင်းနီးစပ်သူ ကေအိုင်စီသတင်းအရင်းအမြစ်က ဆိုသည်။
အဆိုပါသတင်းအရင်းအမြစ်က “သူတို့က ဟိုး တပ်မဟာ(၅)မှာ ၂ နှစ်ကျော် ၃ နှစ်လောက်ရှိပြီ ရှေ့တန်း ရောက်နေတာ။ မနေ့ (ဇွန်လ ၈ ရက်)ကမှ ပြန်ဝင်လာလို့ အဲဒီကားတွေကပြန်လာပို့တာ။ စစ်ကားနဲ့ တော့မဟုတ်ဘူး ကုန်ကားတွေနဲ့။ ရုတ်ရုတ်သဲသဲနဲ့ဆိုတော့ လူတွေကကြောက်ကြတာပေါ့။ ကားများဖမ်းသလား ဆိုင်ကယ်များဖမ်းသလား မသိဘူးဆိုပြီး တချို့ဆိုပြန်တောင်လှည့်လာကြတယ်” ဟု ၎င်းက ပြောသည်။
လှိုင်းဘွဲမြို့တွင် စစ်ကောင်စီ၏ခြေလျင်တပ်ရင်း ခလရ-၂၈၊ ခလရ-၃၃၈၊ ခလရ-၃၃၉ နှင့် ဗျူဟာကုန်း တစ်ခု အခြေစိုက်ထားသည်။ အဆိုပါတပ်ရင်းများတွင်လည်း စစ်ကောင်စီ၏စစ်မှုထမ်းသင်တန်းဆင်း ရာနှင့်ချီပြီးသက်ဆိုင်ရာတပ်ရင်းအလိုက် အင်အားချထားပေးခဲ့ကြောင်း ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် စက်တင်ဘာလပိုင်းက ကေအိုင်စီမှသတင်းရေးသားဖော်ပြဖူးသည်။
လှိုင်းဘွဲမြို့နယ်ပါဝင်သည့် ကေအဲန်ယူ တပ်မဟာ(၇)ထိန်းချုပ်နယ်မြေများ အထူးသဖြင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ယခု ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်အတွင်း စစ်ကောင်စီစခန်းသိမ်းတိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
၎င်းနှင့်ဆက်စပ်ပြီး လှိုင်းဘွဲမြို့နယ်ရှိ ရှမ်းရွာသစ်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတွင်လည်း စစ်တပ်က အင်အားအများအပြားပို့ဆောင်၍ စစ်ရေးအသင့်ပြင်ထားသည့် အခြေအနေမျိုးရှိခဲ့သည်ဟု တော်လှန်ရေးတပ်ဖွဲ့များ၏ပြောပြချက်အရ သိရသည်။