Home သတင်း မွန်ပြည်ဖယ်ဒရယ်ယူနစ် ပေါ်ပေါက်ရန် တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရေးဆွဲမည်

မွန်ပြည်ဖယ်ဒရယ်ယူနစ် ပေါ်ပေါက်ရန် တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရေးဆွဲမည်

309
Photo: MSFC

ဇွန်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြို့နယ် (၁၀)ခုဖြင့် ဖွဲ့စည်းထားသော မွန်ပြည်နယ်ကို လုံလောက်သည့် စစ်ရေး၊ နိုင်ငံရေး၊ လှုပ်ရှားမှု၊ နယ်မြေလွှမ်းခြုံမှုများရှိစေရန် နိုင်ငံရေး ရည်မှန်းချက်တူ တော်လှန်ရေးအင်အားစုများနှင့်အတူ တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရေးဆွဲသွားမည်ဟု မွန်ပြည်ဖက်ဒရယ်ကောင်စီ -MSFC က ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၅ ရက် ညက ပြုလုပ်သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ -MSFC ၏ တတိယအကြိမ် နောက်ဆုံးရက် ညီလာခံအွန်လိုင်းသတင်းစာရှင်းလင်းပွဲတွင် ကောင်စီ ဥက္ကဋ္ဌဖြစ်သူ နိုင်မွန်စိုင်းက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မွန်ပြည်ချာတာကို လက်ရှိ ပြည်နယ်အတွင်း ပြန့်ကျဲနေသော တော်လှန်ရေးအင်အားစုများက အနာဂတ် မွန်ပြည်အတွက် တော်လှန်ရေး ကြာကာလအတွင်း အသုံးပြုရန် ရေးဆွဲထားခြင်းသာဖြစ်ပြီး မွန်ပြည် အခြေစိုက်တော်လှန်ရေးအင်အားစုများ၏ စစ်အာဏာရှင်တိုက်ဖျက်ရေးနှင့် အနာဂတ်ပြည်နယ် ထူထောင်ရေးအတွက် အုပ်ချုပ်ရေးဆိုင်ရာ သဘောတူညီချက်တစ်ခုအဖြစ်သတ်မှတ်မည်ဟု ဆိုသည်။

MSFC ဥက္ကဋ္ဌ နိုင်မွန်စိုင်းက “ အဓိကက ဒီနွေဦးတော်လှန်ရေးမှာ ထွက်လာတဲ့ အင်အားစုအသစ်တွေနဲ့ ဆွေးနွေးသွားမှာ ဖြစ်တယ်။ ပြီးတော့ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့အစည်း(EROs) တွေ၊ ရွေး ကောက်ခံကိုယ်စားလှယ်တွေ နိုင်ငံရေးကို အသားပေးလုပ်ဆောင်တဲ့ လူမှုအဖွဲ့အစည်းတွေ တော်လှန် ရေးအဖွဲ့အစည်းတွေ ပါမယ်။ သူတို့တွေနဲ့လည်း အဓိကဆွေးနွေးပြီးလုပ်‌ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

ထို့အပြင် အနာဂတ်မွန်ပြည် တည်ဆောက်နိုင်ရေးအတွက် တော်လှန်ရေးကာလအတွင်း အားလုံးပူး ပေါင်းပါဝင်ဆောင်ရွက်မှုရှိလာစေရန် မွန်ပြည်နယ် မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ မြို့နယ်များအတွင်း ရှိနေသော တော်လှန်ရေးအင်အားစုများနှင့် ချမှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆက်လက်ဆောင်ရွက်သွားရန်ရှိသည်ဟု MSFC က ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၁၄၊ ၁၅ ရက်တို့တွင် ကျင်းပခဲ့သည့် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ တတိယအကြိမ် ညီလာခံတွင် MSFC အနေဖြင့် တော်လှန်ရေးကာလအတွင်း နိုင်ငံရေး၊ စစ်ရေး ပူးပေါင်းဆောင်ရွက်မှု ရှေ့လုပ်ငန်းစဉ်များကို ချမှတ်သွားနိုင်ရန် လုပ်ဆောင်မည်ဟု အသိပေးပြောကြားသည်။

အဆိုပါ ချမှတ်ထားသည့် လုပ်ငန်းစဥ်များအရ တော်လှန်ရေးကာလ မွန်ပြည်ချာတာတစ်ရပ် ရပ်ရေး ဆွဲရန်၊ စစ်ဘေးသင့်အမျိုးသမီး ကလေးသူငယ်နှင့် အတိဒုက္ခရောက်နေသူတို့အတွက် ခရိုင် အဆင့်ပြည် သူ့လုံခြုံရေးနှင့် ဝန်ဆောင်မှုကော်မတီများ ဖွဲ့စည်းကူညီရန်နှင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့အစည်းများ တိုင်းရင်းသားဖက်ဒရယ်ယူနစ်များနှင့် ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းပြီး (Bottom_up_Federalism) စနစ်တို့ ပါဝင်ပြီး ၎င်းတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဟု MSFC က ဆိုသည်။

ယခု မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ တတိယအကြိမ် ညီလာခံတွင် ကောင်စီဝင် နိုင်ကောင်းရွက်၊ မိကွန်းချမ်းနွန်နှင့် ဒေါက်တာသီရိမွန်ချမ်းတို့ကို သဘာဝပတိအဖွဲ့ဝင်အဖြစ် ရွေးချယ်တင်မြှောက်ခဲ့ပြီး ကော်မတီ ၃ ရပ်၏ ဥက္ကဋ္ဌနေရာတို့ကို ရွေးချယ်ခဲ့သည်ဟု ထုတ်ပြန်ချက်အရ သိရသည်။

MSFC ၏ တတိယအကြိမ် ညီလာခံ အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကရင်နီပြည်အတိုင်ပင်ခံကောင်စီနှင့် နွေဉီးတော်လှန်ရေး အင်အားစုများမှ ခေါင်ဆောင်များ မိန့်ခွန်းပါဝင်ပြောကြားခဲ့ပြီး လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြသည်။