Home သတင်း မူးမြို့နယ်၊ အုန်းပင်စုရွာရှိ စစ်ကောင်စီ စခန်းကို KNLA သိမ်း

မူးမြို့နယ်၊ အုန်းပင်စုရွာရှိ စစ်ကောင်စီ စခန်းကို KNLA သိမ်း

158
Photo: KNU

ဇွန် ၁၀၊ ၂၀၂၅ ခုနစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ခလယ်လွီထူး(ညောင်လေးပင်) ခရိုင်၊ မူး(မုန်း) မြို့နယ်၊ အုန်းပင်စု ရွာရှိ စစ်ကောင်စီစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-KNLA၊ ပူးပေါင်းတပ်များက ဇွန် ၆ ရက် နေ့တွင် တိုက်ခိုက်သိမ်းယူ လိုက်သည်ဟု ခရိုင် တာဝန်ရှိသူက အတည်ပြု ပြောသည်။

အဆိုပါ စခန်းကို ဇွန် ၆ ရက်နေ့၊ နံနက် ၂ နာရီ အချိန်တွင် KNLA၊ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက သိမ်းယူ နိုင်ခဲ့ခြင်းဖြစ်သည်ဟု ခလယ်လွီထူခရိုင်၊ တွဲဖက်အတွင်းရေးမှူး ပဒိုစောနဲထူးဗျိုင်းက ယခုလို ပြောသည်။

“ဟုတ်ပါတယ်။ အုန်းပင်စုရွာအတွင်းမှာ တပ်စွဲနေရာယူထားတဲ့ စစ်ကောင်စီတပ်သားတွေကို တိုက်ခိုက်ခဲ့တာပါ။ လက်နက်တချို့သိမ်းဆည်း ရမိပါတယ်။ ပြီးတော့ စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးမှုတွေရှိပေမဲ့ အတည်ပြု နိုင်ဖို့အတွက် ကြိုးစားနေတဲ့ အခြေပါ” ဟု ၎င်းက ပြောသည်။

အဆိုပါစခန်းကို တိုက်ခိုက်သိမ်းယူနေချိန်တွင် မူး(မုန်း) မြို့နယ်အခြေစိုက် စစ်ကောင်စီတပ်ရင်းက လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ် စစ်ကူပေးခဲ့သည်ဟု သိရသည်။

ထို့အပြင် တပ်မဟာ-၃ နယ်မြေတွင် စစ်ကောင်စီက တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသည့် ရက်များတွင်လည်း အများပြည်သူ နေထိုင်ရာ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်မှုများ ဆက်တိုက် လုပ်ဆောင်နေပြီး ထိခိုက် သေဆုံး သူများလည်း ရှိကာ ဒေသတွင်း စစ်ရှောင်နေရသူ နှစ် သိန်းကျော်ထိ ရှိနေသည်ဟု သိရသည်။

ခလယ်လွီထူးခရိုင်တွင် နယ်မြေစိုးမိုးရေး၊ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် စစ်ကောင်စီတပ်စခန်းများကို KNLA၊ တော်လှန်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး သိမ်းယူပြီးသည့် စစ်ကောင်စီစခန်း ၁၇ ခုထိရှိပြီး ဖြစ်သလို စစ်ကောင်စီတို့ စခန်းစွန့်ခွာထားခဲ့ရသည့် စခန်းပေါင်း ၁၀ ခု ရှိပြီး ဖြစ်ကြောင်း သိရသည်။