ဇွန် ၇၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ထိုင်း-မြန်မာနယ်စပ်၊ မယ်လဒုက္ခသည်စခန်း၌ ၇ လသားအရွယ် ကလေးတစ်ဦး အပါအဝင် လူ ၁၀ ဦး အစာအဆိပ်သင့်မှု ယနေ့ ညနေ ၄ နာရီဝန်းကျင်တွင် ဖြစ်ပွားခဲ့ပြီး အရေးပေါ် ဆေးကုသမှု ခံယူနေရသည်ဟု စခန်းတာဝန်ရှိသူတို့က အတည်ပြု ပြောသည်။
အဆိုပါ အစာအဆိပ်သင့်မှုသည် အွန်လိုင်းပေါ်မှ တစ်ဆင့် မုန့်မှာယူ ရောင်းချခြင်းကို စားသုံးမိရာမှ ဖြစ် ပွားသည် ဟု ကနဦး သိရသည်။
အစာအဆိပ်သင့်မှုကို ၇ လ သားအရွယ် ကလေးတစ်ဦး အပါအဝင် အသက် ၃၀ အရွယ်ထိ ပါဝင်ကာ ပြင်းထန် စွာခံစားရသူ ကလေးများလည်း ပါဝင်သည်ဟု စခန်းအတွင်းရေးမှူး စောဆန်းဒေးက ယခုလို ပြောသည်။
“အွန်လိုင်းပေါ်က မုန့်တွေ မှာပြီးရောင်းတာရှိတယ်။ တချို့က သက်တမ်းကုန်နေပြီး။ မသိကြဘူး ရောင်း တယ်။ အခုက သက်တမ်းကုန်တဲ့ မုန့်တွေ စားမိလို့ အစာအဆိပ်သင့် ဖြစ်တာ။ ဒီနေ့ ညနေ ၄ နာရီ လောက်မှာ ဖြစ်တာ။ အဲဒီမှာ ၃ ယောက်ကတော့ တော်တော် ပြင်းထန်တယ်။ သေချာမပြောတက်ဘူး။ ထပ်တိုးမယ့်လူ ရှိမလားတော့ မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မယ်လဒုက္ခသည်စခန်းထဲရှိ မုန့်အပါအဝင် ကုန်ခြောက်ရောင်းချသည့် ဆိုင်တချို့သည် စခန်း ပြင်ပမှ မုန့်များ မှာယူ ရောင်းချရာ၌ တချို့ မုန့်များနှင့် ခေါက်ဆွဲခြောက်ထုတ်များသည် သက်တမ်းကုန်နေပြီး စားသုံးရန် မသင့်တော်သလို ရောင်းချခြင်းမပြုရန် သတိပေးချက်များ ဆက်ထုတ်ပြန် ကြေငြာ မည်ဟု စောဆန်းဒေးက ဖြည့်စွက်ပြောသည်။
ထို့အပြင် ယခင်လများက မယ်လစခန်းထဲ၌ သက်တမ်းလွန်မုန့် စားမိရာမှ အော့အန်ခြင်းများ ဖြစ်ပွားခဲ့ ဖူးသော် လည်း ယခုလို ဝေဒနာ ပြင်းထန်ကာ ဆေးရုံတက်ရသည့် အဆင့်မျိုးအထိ မဖြစ်ခဲ့ကြောင်းစခန်း တာဝန်ရှိသူများ ထံမှသိရသည်။



















