ဇွန် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်တွင် စစ်ကောင်စီက လိုင်စင်မဲ့ကား ဆိုင်ကယ်များကို ဖမ်းဆီးမှု ယခုလဆန်းမှစ၍ ပြုလုပ်နေပြီး လိုင်စင်ရှိ ကား၊ ဆိုင်ကယ် စသည့်ယာဉ်များ ဈေးခုန်တက်သွားပြီး ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးကွက် ပေါ်ပေါက် လာသည်ဟု မြို့ခံတို့က ပြောသည်။
ယခင် မော်ဒယ်မြင့် လိုင်စင်ရှိ ဟွန်ဒါ (Honda125) ဆိုင်ကယ်တစ်စီးလျင် ကျပ်သိန်း ၇၀ ကျော်ရှိရာမှ လက်ရှိ ကျပ် သိန်း ၁၅၀ မှ သိန်း ၂၀၀ ကြားထိ ဈေးခုန်တက် သွားသည်။ လက်ရှိ ဖားအံမြို့တွင် လိုင်စင်ရှိ ကား၊ ဆိုင်ကယ်၊ သုံးဘီး (မီနီအိုးဝေ) ကြိုက်ရောင်း၊ ကြိုက်ဝယ် ဈေးကွက် အခြေအနေနှင့် ပတ်သက်၍ မြို့ခံလုပ်ငန်းရှင် တစ်ဦးက ယခုလို ပြေသည်။
“ဖားအံမှာ အကုန်တိတ်ဘဲ၊ ဘယ်သူမှ လမ်းမပေါ် မထွက်တာ့ဘူး။ မဖြစ်မနေ သွားလာရတဲ့ သူတွေ လိုင်စင်ကား၊ ဆိုင်ကယ် ဝယ်ကြတာ ကြိုက်ရောင်း၊ ကြိုက်ဝယ် ပါးစပ်ထဲက ကိုယ်ပြောတဲ့ဈေးတွေ ဖြစ်ကုန်တယ်။ ဆိုင်ကယ် Honda 125 သိန်း ၁၅၀ နဲ့ ၂၀၀ ကြား၊ မီနီအိုးဝေ သုံးဘီး သိန်း၂၅၀ နဲ့ ၃၀၀ ကြား၊ ကား ပရိုဘောက် တစ်စီး သိန်း ၇၅၀ နဲ့ ၈၀၀ တွေဖြစ်ကုန်ပြီး။ ဝယ်ကြတာဘဲ ငွေရှိတဲ့သူကတော့ ရှေ့ဘာဆက်ဖြစ်မလဲတော့ မသိဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီက ဖားအံတွင် ဇွန် ၁ ရက်နေ့မှ စ၍ လိုင်စင်မဲ့ ယာဉ်များ ဖမ်းဆီးမှု ဆက်တိုက် ပြုလုပ်နေပြီး ဇွန် ၉ ရက်နေ့ ထိ အစီး ၁,၀၀၀ ကျော် ဖမ်းဆီးထားသည်ဟု အခြားမြို့ခံ တစ်ဦးက ပြောသည်။
ယခုလို လိုင်စင်မဲ့ ယာဉ် ဖမ်းဆီးရာတွင် စစ်ကောင်စီနှင့် ဆက်ဆံရေးရှိသည့် လက်နက်ကိုင်အဖွဲ့ ယာဉ်များ၊ စစ်ကောင်စီ ထောက်ခံသူများနှင့် ဌာနဆိုင်ရာ ဝန်ထမ်းများ အသုံးပြုနေသည့် လိုင်စင်မဲ့ ယာဉ်များကို ဖမ်းဆီးခြင်း မရှိကြောင်း မြို့ခံတို့က ပြောသည်။
“အခုက ရွာသားကား၊ ဆိုင်ကယ်တွေဘဲ အများဆုံးဖမ်းတာ။ မြို့ထဲနေသူတွေက ကားတွေ၊ ဆိုင်ကယ်တွေကို သိမ်းထား၊ ဖွက်ထား ကြတယ်။ လိုင်စင်ကား၊ လိုင်စင်အပွားကားတွေဘဲ စီးနေကြတယ်။ တချို့လည်းပြန်ရောင်း ထုတ်ကြတယ် ရွာတွေဘက်ကို၊ တချို့လည်း အစိတ်အပိုင်းတွေဖျက်ပြီး ရောင်းဖို့လုပ်ကြတယ်။ ငွေပြန်ရအောင် ပေါ့။ အဖမ်း၊ အသိမ်းတော့ မခံဘူးလေ” ဟု လိုင်စင်မဲ့ ကားပိုင်ရှင်တစ်ဦးက ပြောပါသည်။
အဆိုပါ လိုင်စင်မဲ့ကား၊ ဆိုင်ကယ်များကို ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့မှ ပြည်တွင်းသို့ တင်သွင်း သယ်ဆောင် ရောင်းဝယ် အသုံးပြုနေကြသည်မှာ ဆယ်စုနှစ် ၃ စု ခန့် ရှိပြီးဖြစ်သည်ဟု ဝယ်ရောင်းသမားများက ပြောသည်။