ဇွန်လ ၁၅ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
မြန်မာတစ်နိုင်ငံလုံးရှိ အကျဥ်းထောင်များအတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာ မရရှိခြင်း ကြောင့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ ဇန်နဝါရီလ မှ ဇွန်လ ၁ ရက်အထိ ငါးလအတွင်း နိုင်ငံရေး အကျဥ်းသူ/အကျဥ်း သား (၁၁) ဦး သေဆုံးခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများ ကွန်ရက် ( PPNM) က ယမန်နေ့ ဇွန်လ (၁၄)ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ယခုလို အကျဥ်းထောင်များတွင် ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာ မရရှိမှုကြောင့် အသက်သေ ဆုံးရသူ အရေအတွက်သည် ယနေ့ ဇွန် ၁ ရက်နေ့အထိ ၁၁ ဦးရှိလာပြီး ကျန်းမာရေး စောင့်ရှောက်မှု ပိုမို ဆိုးရွားလာသည့်အခြေအနေကို PPNM ၏ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ယခုလို ပြောသည်။
“ထောင်တွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေကတော့ နေ့စဥ်နဲ့အမျှ အနည်းဆုံး ၃၀ ကနေ ၅၀ ဝန်းကျင်ကြား ပျမ်းမျှသေဆုံးမှုတွေ ဖြစ်လာတယ်။ ဒါအရေအတွက်တစ်နှစ်တစ်နှစ်ကို ဒီလောက်ဆုံး နေရင် တော်လှန်ရေးကာလ ကြာလာတာနဲ့အမျှ အကျဥ်းထောင်အတွင်း သေဆုံးမှုက ထောင်ဂဏန်း နီးနီးကို ကပ်သွားမည့် အခြေအနေ ဖြစ်ပါတယ်။ ဒီလိုမဖြစ်ဖို့ ဆိုရင် ကျနော်တို့ လိုအပ်နေတဲ့ လိုအပ်ချက် မှားယွင်းနေတဲ့ အခြေအနေတွေကို သုံးသပ်ပြီးမှ ပြုပြင်ပြောင်းလဲပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှ မဟုတ် ရင် နိုင်ငံရေးအကျဥ်းသူ/သားတွေရဲ့ သေဆုံးမှုတွေ ဖြစ်ပေါ်နေဦးမှာ ဖြစ်တယ်” ဟု ကေအိုင်စီသို့ ပြောသည်။
PPNM ၏ ထုတ်ပြန်ချက်အရ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသည့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ခဲ့သူ မန္တလေးမြို့မှ အသက် (၅၆) နှစ်အရွယ် အလယ်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်မြင့်မြင့်သန်းဆိုသူသည် မေလ ၇ ရက်နေ့တွင် လုံလောက်သောဆေးကုသခွင့် မရရှိသောကြောင့် အိုးဘိုအကျဥ်းထောင်၌ သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။
ပြီးခဲ့သည့် မေလ ၂၃ ရက်နေ့တွင်လည်း နှလုံးနှင့် သွေးတိုးရောဂါခံစားနေရသူ အကျဉ်းသား ဦးကျော်စိုးဆိုသူလည်း သာယာဝတီအကျဉ်းထောင်တွင် အကျဉ်းကျနေသည့် ဆေးဝါး လုံလောက်စွာ ကုသခွင့် မရခြင်းကြောင့် သေဆုံးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အလားတူ မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင် အရေးပေါ်ဆေးကုသမှုအတွက် ဆေးဝါးစောင့် ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းကျခံ နေရသူများတွင် ရောဂါများ ဖြစ်ပွားခြင်း၊ ရောဂါအခံများ ပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့် အခြေနေမဟုတ်ဘဲ အသက်ပေးရသည်ထိ ဖြစ်ပွားလျက်ရှိသည်ဟု PPNM ကဆိုသည်။
အာဏာသိမ်းမှုနှင့်ဆက်စပ်ပြီး တစ်နိုင်ငံလုံးအတိုင်းအားဖြင့် စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရသူ စုစုပေါင်း (၂၉၂၇၇)ဦးရှိသည့်အနက် (၁၀၈၃၅) ဦးမှာ လက်ရှိအချိန်ထိ ထောင်ဒဏ်ချမှတ်ခံထားရကြောင်းလည်း AAPP က ကောက်ယူထားသော စာရင်းတွင် ဖော်ပြထားသည်။
AAPP က ပြုစုထားသည့် အချက်အလက်များအရ စစ်တပ်အာဏာသိမ်းကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီအရေးလှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း ( ၆,၇၉၆) ဦးရှိခဲ့ပြီဖြစ်သည်။