ဇွန် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ- ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ(၄) ထီးခီးနယ်စပ် ရှိ လက်ကျန်စခန်းဖြစ်သည့် စစ်ကောင်စီ ပွိုင့်(၂၅၆၆) ဟုခေါ်သည့် အီးသာခေ(ဗောဓိ)စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-KNLAပူးပေါင်းတပ်တို့မှ ယနေ့ ဇွန် ၁၀ရက်နေ့ မွန်းတည့်အချိန်တွင် တိုက်ခိုက် သိမ်းပိုက် နိုင်ခဲ့သည်ဟု တပ်မဟာမှူးက အတည်ပြု ပြောသည်။
အဆိုပါ တပ်စခန်းသည် ထိုင်း-မြန်မာ ထီးခီးနယ်စပ်ရှိ လက်ကျန်စခန်းနှစ်ခု ထဲက တစ်ခုဖြစ်ကာ စစ်ကောင်စီ တပ်ဖွဲ့ဝင် အင်အား ၆၀ကျော်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပြန်လည် ခုခံတိုက်ခိုက်ရန် မဖြစ်နိုင်တော့၍ အားလုံး ထွက်ပြေးသွားပြီးနောက် စခန်းကို အပြီးသိမ်းပိုက်ခဲ့ခြင်း ဖြစ်သည်ဟု တပ်မဟာ(၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖိုးလေးက ယခုလိုပြောသည်။
“ဒီနေ့ မနက် ၁၁ နာရီ ၅၅ မိနစ်လောက်မှာ သိမ်းနိုင်တယ်။ စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကုန်ထွက် ပြေးသွားတယ်။ ပြီးတော့ လက်နက်တွေက သူတို့ ယူနိုင်တဲ့ဟာ ယူသွားတယ်။ သူတို့ ယူမနိုင်တဲ့ဟာဆို အကုန် ဖျက်ဆီး ပစ်ခဲ့တယ်။ ထီးခီးစခန်းတုန်းကလိုမျိုးဘဲ သူတို့ပြေးတော့ သယ်မနိုင်တဲ့ လက်နက်အကုန် ဖျက်ဆီး သွားတာ”ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ထိုင်းဘက်သို့ ထွက်ပြေးကာ KNLA တော်လှန်ရေး ပူးပေါင်းတပ်ဘက်မှ လိုက်လံ ပိတ်ဆို့တိုက်ခိုက်သည့်အတွက် ပြည်တွင်းဘက်သို့ ပြန်လှည့်ပြီး အနီးဆုံးစခန်းဖြစ်သည့် ညပလာခီး (ငါးရံ့နီ) စခန်းဘက်သို့ ပြန်ပြေးသွားသည်ဟု KNLA တပ်မဟာမှူးက ဖြည့်စွက်ပြောသည်။
ထိုစခန်းကို ဇွန် ၈ရက်နေ့တွင် စတင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ လေယာဉ်နှင့် စစ်ကူလာရောက် ပစ်ခတ်သည့် အတွက် (၉) ရက်နေ့မှ ပြန်လည် တိုက်ခိုက်သည်ဟု တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖိုးလေးက ဆိုသည်။
ဗောဓိစစ်ကောင်စီတပ်စခန်းတွင် ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ-၂၅ တပ်ဖွဲ့ဝင်များ တပ်စွဲကာ ယခင်က အင်အား ၂၀ ခန့်သာ ရှိပြီး ထီးခီးနယ်စပ် စခန်းသိမ်းချိန်တွင် စစ်ကောင်စီ က လေယာဉ်နှင့်စစ်ကူ ၄၀ ဦး ခန့် ထပ်မံ ပို့ဆောင်လာခြင်းဖြစ်ကြောင်း သိရသည်။