Home သတင်း တနင်္သာရီတွင် မေလအတွင်း တိုက်ပွဲ ၄၂ ကြိမ် ဖြစ်ပွားခဲ့

တနင်္သာရီတွင် မေလအတွင်း တိုက်ပွဲ ၄၂ ကြိမ် ဖြစ်ပွားခဲ့

386
Photo: ဒေါနတနသာ်ရီ စစ်ဘေးရှောင်အထောက်အကူပြုရေးအဖွဲ့

ဇွန် ၁၆၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းတွင် မေလအတွင်း ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲ စုစုပေါင်း ၄၂ ကြိမ် ဖြစ်ပွားခဲ့သည်ဟု သုတေသန အဖွဲ့တစ်ခုဖြစ်သည့် FE5 Tanintharyi က ဇွန် ၁၅ ရက်နေ့တွင် ထုတ်ပြန် ပြောသည်။

အဆိုပါ နှစ်ဖက်တိုက်ပွဲများတွင် ထိတွေ့တိုက်ပွဲ ၃၉ ကြိမ်၊ မိုင်းဆွဲ တိုက်ခိုက်မှု ၃ ကြိမ်တို့ ဖြစ်ပြီး နှစ်ဖက်တိုက်ပွဲ ဖြစ်ပွား နေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက အများပြည်သူနေထိုင်ရာ ကျေးရွာများအတွင်းသို့ လေကြောင်း တိုက်ခိုက်မှုပေါင်း ၁၉ ကြိမ်၊ ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်မှု ၆ ကြိမ်တို့ကို လုပ်ဆောင်ခဲ့သည်ဟု FE5 Tanintharyi ၏ အစီရင်ခံစာ၌ ဖော်ပြထားသည်။

ယခုလို တိုက်ပွဲများကြောင့် တနင်္သာရီ တိုင်းအတွင်း စစ်ဘေးရှောင်ဦးရေ စုစုပေါင်း ၈၀,၈၀၀ ဦး ကျော်အထိ ရှိလာပြီး စစ်ဘေးရှောင်နေရသူ ဒေသခံပြည်သူ ဦးရေ တစ်လထက် တစ်လတိုးလာသည်ဟု ဒေါန တနင်္သာရီ စစ်ဘေးရှောင် အထောက်အကူပြုရေးအဖွဲ့မှ ပြောဆိုခွင့်ရှိသူ ဆရာယောနသံက ယခုလို ပြောသည်။

“စစ်ဘေးရှောင်တွေကတော့ တစ်လထက် တစ်လတိုးလာတာမျိုးတွေ ရှိတယ်။ စစ်ကြောင်းတွေကလည်း နေရာ တိုင်းမှာ ထိုးနေတာမျိုးဆိုတော့။ ပြီးတော့ နဘုလယ်ဒေသ ထားဝယ်ရေနက်ဆိပ်ကမ်း တစ်လျောက်မှာလည်း စစ်တပ်ရဲ့နယ်မြေရှင်းလင်းရေး လုပ်ဆောင်တာတွေက မကြာခဏ ဆိုသလို ရှိနေတုန်းပါဘဲ” ဟု ၎င်းက ကေအိုင်စီသို့ ပြောဆိုသည်။

ပြီးခဲ့သည့် မေလအတွင်းစစ်ကောင်စီတပ်က ထားဝယ်ရေနက်ဆိပ်ကမ်း ဧရိယာတဝိုက်သို့ စစ်ကြောင်းထိုး ဝင်ရောက်မှု၊ ကျေးရွာများသို့ လေကြောင်း၊ ရေကြောင်းမှ တိုက်ခိုက်မှုများကိုလည်း ဆက်တိုက်လုပ်ဆောင်နေပြီး အရပ်သား ဖမ်းဆီးခံရ မှုများလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေစဉ်အချိန်အတွင်း အရပ်သားများ ဖမ်းဆီးမှုများကြောင့် နေရပ် စွန့်ခွာ ထွက်ပြေးမှုများလည်းရှိနေပြီး မေလအတွင်း အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးခံရသူ ၁၃၇ ဦး ထက်မနည်း ရှိခဲ့ပြီး ၆၇ ဦး ပြန်လည်လွတ်မြောက်လာသလို ဒေသခံ ၁ ဦး စစ်ကောင်စီ တပ်ဖွဲ့ဝင်များကြောင့် သေဆုံးခဲ့သည်ဟု သိရသည်။

ယခုလို တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ဦးရေ တိုးလာပြီး လက်ရှိ စစ်ရှောင်များအတွက် နေရာထိုင်းခင်းနှင့် အမိုးအကာများ လိုအပ်နေသည်ဟု မြေပြင်စစ်ဘေးရှောင် ကူညီနေသူများက ပြောဆိုသည်။