Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်းဒေသခံ အမျိုးသမီး ၂ ဦး ကျည်စထိမှန်ဒဏ်ရာရ

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဘီးလင်းဒေသခံ အမျိုးသမီး ၂ ဦး ကျည်စထိမှန်ဒဏ်ရာရ

146
Photo: CJ

ဇွန်လ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထို(ဘီးလင်း)မြို့နယ်၊ အလူးကြီးကျေးရွာအုပ်စုနှင့် ငှက်ပျောတော ကျေးရွာ အုပ်စုအတွင်းသို့ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့တစ်ရက်တည်းတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ရွာသူအမျိုးသမီး ၂ ဦး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဇွန်လ ၁၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီ အမှတ် ၄၄ ခြေမြန်တပ်ရင်းတပ်မဌာနချုပ် လက်အောက်ရှိ ခမရ ၃ မှ တိုက်ပွဲတစ်စုံတစ်ရာမရှိဘဲ ကျိုက်ထိုမြို့နယ်၊ ငှက်ပျောတောကျေးရွာ အုပ်စု၊ ဇီးကုန်းကျေးရွာထဲသို့ လက်နက်ကြီး ၁၂၀ မမ ၇ လုံး ပစ်ခတ်မှုကြောင့် ဇီးကုန်းရွာနေ ဒေါ်အေးစန်း ၅၃ နှစ် ဘယ်ဘက်ပေါင် ကျည်စထိမှန် ဒဏ်ရာရရှိပြီး နေအိမ်နှစ်လုံး ကျည်စထိမှန် ထိခိုက်ပျက်စီးခဲ့သည်။

ထိုနေ့တစ်ရက်တည်း ညနေ ၅ နာရီအချိန်တွင် အထက်ပါ စစ်ကောင်စီတပ်ဖွဲ့မှ အလူးကြီးကျေးရွာအုပ်စု၊ အလူးကြီးရွာထဲသို့ လက်နက်ကြီး ၁၂၀ မမ ၂ လုံးလှမ်းပစ်ခတ်သည့်အတွက် အလူးကြီးရွာနေ အသက် ၃၀ နှစ်အရွယ် မဝါဝါဦး ဘယ်ဘက်ပေါင် လက်နက်ကြီးကျည်စထိမှန် ဒဏ်ရာရရှိခဲ့သလို လူနေအိမ်နှင့် ဥယာဉ်ခြံထဲရှိ အပင်များ လက်နက်ကြီးကျည် စထိမှန် ပျက်စီးမှုရှိခဲ့သည်ဟု ဒေသခံထံမှ သိရသည်။