ဇွန် ၁၀၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းရှိ ကျေးရွာများအတွင်းသို့ စစ်ကောင်စီက ဇွန် ၇ ရက်နေ့မှ ယနေ့ ဇွန် ၁၀ ရက်နေ့ နံနက်ပိုင်း အချိန်ထိ ဗုံး အလုံး ၂၀၀ ကျော် ကြဲချ တိုက်ခိုက်ခဲ့သည်ဟု မြေပြင်သတင်းရင်းမြစ်က ပြောသည်။
ကျုံဒိုးမြို့ကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်-KNLA၊ မဟာမိတ် ပူးပေါင်းတပ်များက စစ်ကောင်စီ စစ်ကြောင်းထွက်မရအောင် ပိတ်ဆိုစ့် တိုက်ခိုက်နေပြီး စစ်ကောင်စီ လေကြောင်းပစ်ကူ ဗုံးကြဲနေသည့် သဘော ဖြစ်သည်ဟု စစ်မြေပြင် သတင်းရင်းမြစ်က ယခုလို ပြောသည်။
“အခုမနက်ဆို ၆ နာရီကျော်ကတည်းက ကြဲနေတာ အင်းကြီး၊ အုန်းတစ်ပင်ကို အလုံး၇၀ လောက်ရှိပြီ၊ အရင် ရက်တွေက ကြဲတာနဲ့ ဆို ၂၀၀ ကျော်ပြီး။ ၉ ရက်နေ့မှာ တစ်နေကုန်ကြဲတာ၊ စကစတွေ အခုထိ စစ်ကြောင်းဆက် ထွက်မရသေးဘူး၊ Y12 က မော်လမြိုင်ဘက်က လာလိုက်ကြဲလိုက်လုပ်နေတာ၊ မြေပြင်မှာကတော့ တိုက်နေတာ ဆိုတော့ အထိ၊အခိုက်တွေ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ကရင်နှင့် မွန် လူမျိုး အများစုနေထိုင်သည့် ကျေးရွာ ၂၀ ခန့်ကို စစ်ကောင်စီက ဗုံးကြဲခြင်း၊ ဒရုန်း၊ မစ်ဇိုင်း (ဒုံးကျည်) ဖြင့် ပစ်ခတ်ခြင်းများ အမြောက်အများ ပြုလုပ်နေသည်ဟု သိရသည်။
” စကစတွေ ကျုံဒိုးဘက်ကလည်းမရ၊ စကခ -၁၂ ဘက်ကလည်းမရနဲ့ တော်တော်လေးမဲနေတယ်၊ အုန်းတစ်ပင် ဘက်၊ နွားခြံကုန်းဘက်၊ ၇ တိုင် လျှပ်စစ်ရုံးဘက်၊ ၉ တိုင်ကွေ့ ဘက် မှာ KNLA တွေဖြတ်တိုက်နေတော့ ပစ်ကူတွေ ပစ်ခိုင်းပြီး တိုက်ပွဲ ဆက်ဖြစ်နတယ်” ဟု ကျုံဒိုး ချောင်းဖျားကျေးရွာ စစ်ဘေးရှောင်နေရသူက ပြောသည်။
လတ်တလော ကရင်ပြည်နယ်အတွင်း ထိုင်းမြန်မာနယ်စပ်နှင့် ချိတ်ဆက်သွားလာသည့် ဖားအံ၊ ကျုံဒိုး၊ ကော့ကရိတ်၊ မြဝတီ အာရှလမ်းမကြီးအား စစ်ကောင်စီက ပြန်လည်ထိမ်းချုပ်နိုင်ရေး စစ်ဆင် တိုက်ခိုက်နေ သည်မှာ ၂ နှစ် နီးပါးအချိန်ရှိလာပြီး ဖြစ်သော်လည်း ပြန်မရ သေးသလို ၎င်းတို့ စစ်စခန်းများသာ သိမ်းပိုက် ခံနေရသည့် အခြေအနေဖြစ်နေသည်ဟု ဒေသခံများက ပြောသည်။