Home သတင်း ကျားဖြန့် လုပ်သားပြန်ပို့မှု ဆက်ရှိနေပြီး ဇွန်လအတွင်း ၇၁ ဦးထိ ရှိလာ

ကျားဖြန့် လုပ်သားပြန်ပို့မှု ဆက်ရှိနေပြီး ဇွန်လအတွင်း ၇၁ ဦးထိ ရှိလာ

114
Photo: BGF

ဇွန် ၁၆၊၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တွင် အွန်လိုင်းငွေလိမ် (ကျားဖြန့်) လုပ်သားပြန်ပို့မှုများ ဆက်ရှိနေပြီး ယခု ဇွန်လအတွင်း ၇၁ ဦး ထိရှိနေပြီးဟု ကရင်နယ်ခြားစောင့်တပ် (BGF)က ပြုစုထားသည့် စာရင်းများအရ သိရသည်။

ယနေ့ ဇွန် ၁၆ ရက်နေ့တွင် ပါကစ္စတန်နိုင်ငံသား ကျားဖြန့် လုပ်သား ၁၆ ဦးကို BGF ကဦးဆောင်ပြီး စစ်ကောင်စီ ဌာနဆိုင်ရာ တာဝန်ရှိသူများက ထိုင်းနိုင်ငံဘက်သို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု BGF က ပြောသည်။

အလားတူ ဇွန် ၁၀ ရက်နေ့တွင် နယ်စပ်၌ အွန်လိုင်းငွေလိမ် လုပ်ငန်းလုပ်ကိုင်သည့် တောင်ကိုရီးယားနိုင်ငံသား ၃ ဦး ကိုလည်းကောင်း၊ ဇွန် ၉ ရက်နေ့တွင် အာဖရိကတိုက် အီသီယိုပီးယားနိုင်ငံသား ၄၃ ဦး တို့ကို လည်းကောင်း၊ ဇွန် ၆ ရက်နေ့တွင် ဖိလစ်ပိုင် နိုင်ငံသား ကျား ၅ ဦး၊ မ ၃ ဦးနှင့် အာဖရိကတိုက် ကွန်ဂို နိုင်ငံသား ၁ ဦး တို့ကို BGF က ဦး ဆောင်ကာ ဌာနဆိုင်ရာတာဝန်ရှိသူတို့မှ ထိုင်းနိုင်ငံဘက်သို့ အသီးသီးလွှဲပြောင်း ပေးအပ်ခဲ့သည်။

Photo: BGF

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့နယ်အတွင်း အွန်လိုင်းငွေလိမ် ကျားဖြန့် လုပ်ငန်းများ လုပ်ကိုင်နေသည့်အတွက် အဆိုပါ လုပ်ငန်းများကို နှိမ်နင်းရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံက မြန်မာဘက်ခြမ်း ၅ နေရာကို လျှပ်စစ်မီး အပါ အဝင်၊ လောင်စာဆီနှင့် ဆက်သွယ်ရေးဖြတ်တောက် ပိတ်ဆို့ခဲ့သည်။

ကရင်နယ်ခြားစောင့်တပ် (BGF) ကလည်း ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်း ကျားဖြန့် လုပ်ငန်းများကို နှိမ်နင်းခဲ့ပြီး ၆ လကြာသည်အထိ နိုင်ငံစုံမှ ကျားဖြန့်လုပ်သား ထောင်နှင့်ချီ အပါအဝင် လုပ်ငန်းဦးဆောင်သူ အဓိကတရားခံ များကို ရှာဖွေလွှဲ‌ပြောင်း ပေးခဲ့သည်ဟု သိရသည်။