Home သတင်း ကော်သူးလေအစိုးရ ဖွဲ့စည်းရေး ပြင်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဟု KNU ပြော

ကော်သူးလေအစိုးရ ဖွဲ့စည်းရေး ပြင်ဆင်မှု ၈၀ ရာခိုင်နှုန်း ပြီးစီးပြီဟု KNU ပြော

649

ဇွန်လ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

အစိုးရတစ်ရပ်ဖွဲ့စည်းခြင်းသည် လက်တွေ့အကောင်အထည်ဖော်ရာတွင် စိန်ခေါ်မှုများနှင့် လိုအပ် ချက်များစွာရှိနေသော်လည်း ကော်သူးလေအစိုးရဖွဲ့စည်းမှုအပိုင်းနှင့်ပတ်သက်၍ လက်ရှိတွင် ၈၀ ရာခိုင်နှုန်းပြင်ဆင်ဆောင်ရွက်မှုရှိနေပြီဟု ကေအဲန်ယူ ကရင်အမျိုးသားအစည်းအရုံး ပြောရေး ဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောသည်။

ယနေ့ ဇွန်လ ၁၄ ရက်နေ့တွင် ကျရောက်သည့် (၇၅)နှစ်မြောက် ကော်သူးလေနေ့ အထိမ်းအမှတ် အတွက် ပဒိုစောတောနီးမှ ထိုသို့ ထည့်သွင်း ပြောဆိုထားခြင်းဖြစ်သည်။ အုပ်ချုပ်ရေးဖွဲ့စည်းပုံ ပြန်လည်တည်ဆောက်ရေး အားကောင်းလာစေရန် အရည်အသွေးပြည့်မီသည့် လူ့စွမ်းအားအရင်း အမြစ်နှင့် ဝန်ထမ်းများအား ဖြည့်တင်းဆောင်ရွက်မှုတို့က အဓိကကျသည်ဟု ဆိုသည်။

“ အစိုးရတရပ် ဖော်ဆောင်တယ်ဆိုပေမယ့် တော်ရုံတန်ရုံနဲ့ပဲ သွားလို့ မရဘူး။ ကျနော်တို့ သေချာပြင် ဆင်ဖို့တော့ ရှိတယ်။ အရင်တုန်းကနဲ့ ယှဥ်လိုက်ရင် ‌‌အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထက်မှာ ကျနော် ပြင်ဆင်မှုပြီးတယ်လို့ ပြောလို့ရတယ်။ ဘယ်အချိန်မှာ ထုတ်ပြန်ကြေညာမလဲ ကော်သူးလေအစိုးရကို ဘယ်တော့တည်ဆောက်မလဲဆိုတာ ထုတ်ပြန်မည့် ရက်အတိအကျကို အတိအကျပြောဖို့ ခက်ပါတယ်။ ၂၀၂၅ မှာ ဒါမှမဟုတ် ၂၀၂၆ မှာတောင် ဖြစ်နိုင်ပါတယ်။ တစ်ခုသေချာပြောနိုင်တာက မဝေးတော့တဲ့အနာဂတ်မှာ ကော်သူးလေအစိုးရဖွဲ့စည်းမယ်လို့ ယုံကြည်တယ်” ဟု ပဒိုစောတောနီးက ပြောကြားသည်။

KNU အနေဖြင့် ပြင်ဆင်မှုအပိုင်းတွင် ပြီးပြည့်စုံနေသည့် အခြေအနေအဖြစ် သန္နိဌာန်ချပြောဆို၍ မရသေးသော်လည်း ပထမအဆင့်အနေဖြင့် ပြီးခဲ့သည့် နှစ်နှစ်အတွင်း မိမိတို့၏ လက်ရှိမူဝါဒများနှင့် လမ်းညွှန်ချက်များကို ပြန်လည်သုံးသပ် မွမ်းမံပြင်ဆင်ထားခြင်းဖြစ်ကာ အဆင်သင့် ဖြစ်နေသည့် အနေအထားတွင် ရှိနေပြီဖြစ်ကြောင်း အသိပေးပြောဆိုသည်။

ကရင်လူငယ်များအနေဖြင့် ယခင်ထက် အုပ်ချုပ်ရေး၊ ပညာရေးစသည့် အတတ်ပညာများကို ယခင်ထက် ပိုမိုကြိုးစားပြင်ဆင်ကြပြီး ကရင်ပြည်နယ်ရရှိရေး၊ မိမိကံကြမ္မာမိမိ ဖန်တီးခွင့်ရရေး စသည် တို့အတွက် အထောက်အကူပြုနိုင်မည့် ပညာတတ်လူငယ်များကိုလည်း လိုအပ်လျက်ရှိကြောင်း ကေအဲန်ယူက ဖိတ်ခေါ်သည်။

ထို့အတူ ကေအဲန်ယူ၊ ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၏ ယနေ့ပေးပို့လာသော သဝဏ်လွှာတွင်လည်း ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရာတွင် အောက်ခြေမှ အထက်သို့ စီမံခန့်ခွဲမှုဖြင့် ပြည်နယ်အားကောင်းအောင် တည်ဆောက်ခြင်းမှတဆင့် ပြည်ထောင်စုထူထောင်ခြင်းကို ပုံဖော်ပေးခြင်းဖြစ်ကြောင်း ပြောဆိုထားသည်။

ထို့ကြောင့် ကရင်ပြည်( ကော်သူးလေ) ကို အတူတကွ ထူထောင်ခြင်းအပြင် တချိန်တည်းတွင် လူမျိုးများနှင့် လူထုအားလုံး ငြိမ်းချမ်းစွာ နေထိုင်နိုင်သည့် အာမခံပေးနိုင်မည့် ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ခြင်းကိုလည်း အတူတကွ ကြိုပမ်းသွားရမည်ဟု ကေအဲန်ယူ၊ ဥက္ကဋ္ဌ က တိုက်တွန်းနှိုးဆော်ခဲ့သည်။

၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလမှစ၍ ဖဆပလ အစိုးရနှင့် ကေအဲန်ယူ လက်အောက်ခံတပ်ဖွဲ့ဝင်များအကြား ရန်ကုန်တိုင်း အင်းစိန်၌ (၁၁၁)ရက်ကြာ တိုက်ပွဲဖြစ်ပွားပြီးနောက် ဇွန်လ ၁၄ ရက်နေ့၊ ကော်သူး လေမြို့တော်အဖြစ် ထားရှိသည့်တောင်ငူမြို့တွင် ကော်သူးလေ အစိုးရကို ဖွဲ့စည်းခဲ့သည်။အတွ

ထိုသို့ ကော်သူးလေ(ကရင်ပြည်နယ်)ထူထောင်လိုက်ကြောင်းနှင့်ကော်သူးလေ အစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ကြောင်း ကမ္ဘာသို့တရားဝင်ကြေညာလိုက်သည့် ဇွန်လ(၁၄)ရက်နေ့ကို ကော်သူး လေနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။