Home သတင်း မယ်လဒုက္ခသည်စခန်းရှိ လူတချို့ကို ဂျပန်နှင့်ကိုရီးယား ခေါ်ယူမည်ဟု သတင်းထွက်

မယ်လဒုက္ခသည်စခန်းရှိ လူတချို့ကို ဂျပန်နှင့်ကိုရီးယား ခေါ်ယူမည်ဟု သတင်းထွက်

1294

မေ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ဂျပန်နှင့်တောင်ကိုရီးယား နိုင်ငံတို့က ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ခေါ်ယူမည်ဟု သတင်းထွက်ပေါ်နေပြီး စခန်းအတွင်းရှိသူအများအပြား နာမည်စာရင်းသွင်းမှုများ ပြုလုပ်နေသည်ဟု စခန်းတွင်းနေထိုင်သူများနှင့် စခန်းတာဝန်ရှိသူများက ပြောသည်။

ပြီးခဲ့သည် မေလ တတိယအပတ်အတွင်းက အဆိုပါ မယ်လဒုက္ခသည်စခန်းသို့ ဂျပန်နှင့် တောင်ကိုရီးယား နိုင်ငံတို့မှ ကိုယ်စားများ ရောက်ရှိလာပြီး ၎င်းတို့နိုင်ငံအသီးသီးတွင် ခိုလှုံခွင့်ပြုရေးခေါ်ယူမည်ဟု ပြောဆိုသွားကြောင်း သတင်းများထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုသို့ သတင်းထွက်ပေါ်နေသော်လည်း မည်သည့်အချိန်တွင် လူဦးရေမည်မျှခေါ်ယူ သွားမည်ကို သေချာမသိရ သေးကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။

“MOI ကို ကျနော်မေးကြည့်တော့ အခုခေါ်မှာ လူသစ်တွေတော့ မဟုတ်ဘူး။ အရင် ၂၀၀၆ ခုနှစ်၊ ၂၀၀၇ ခုနှစ်က တင်ထားပြီး မပြီးမပြတ် ကျန်တဲ့လူတွေ အဲဒီလူတွေကို ပြန်စိစစ်ပြီး အခုပြန်ခေါ်မှာ ဖြစ်တယ်။ သူတို့ပြန်ခေါ်မယ် ဆိုတော့ ဝမ်းသာတယ်။ သူတို့ပြောတာက သူတို့အများကြီးခေါ်မှာတော့ မဟုတ်ဘူး။ သူတို့ နိုင်ငံကသေးနေ တော့။ ဟိုရက်က အစည်းအဝေးလာလုပ်တဲ့အချိန်မှာ ခေါ်မယ်ဆိုပြီး ပြောသွားတာ။ ဘယ်လိုပုံစံခေါ်မလဲတော့ ဘာမှ မပြောရသေးဘူး” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

ယခု ဒုက္ခသည်များကို ခေါ်ယူမည့် အစီအစဉ်သည် ဒုက္ခသည်များအားလုံးကို လမ်းဖွင့်ပေးထားပြီး ခေါ်သည့် အစီအစဉ် မဟုတ်သလို ယခုမေလအတွင်းက ကိုရီးယား၊ ဂျပန်နှင့်အတူ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး -UNHCR တာဝန်ရှိသူတို့ မယ်လဒုက္ခသည်စခန်းသို့ သွားရောက်လည်ပတ်စဉ် ခေါ်ယူမည့် အကြောင်းကို ပြောဆိုခြင်းဖြစ်သည်ဟု ကရင်ဒုက္ခသည်များကော်မတီက ပြောသည်။

ထို့အပြင် ဂျပန်နှင့် တောင်ကိုရီးယားနိုင်ငံတို့က ဒုက္ခသည် ခေါ်ယူခိုလှုံခွင့် ပေးမည့်ဟု မယ်လစခန်းသို့ လာရောက် လည်ပတ်စဉ် ပြောဆိုခဲ့သော်လည်း တရားဝင် ပြောဆိုဆွေးနွေးမှုမျိုး မရှိသေးကြောင်း ကရင်ဒုက္ခသည်များ ကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက ယခုလို ပြောသည်။

“ကျနော်တို့ KRC နဲ့တော့ ပြောဆိုဆွေးနွေးတာ မရှိသေးဘူး။ အပြင်မှာ သိရတာက သူတို့မိသားစုအနည်းငယ်ဘဲ ခေါ်မယ်လို့ကြားတယ်။ အထူးဖြင့် သူတို့နိုင်ငံက ဘာသာရေးနဲ့ သက်ဆိုင်တာကို ခေါ်မယ်လို့တော့ ကြားရတယ်။ ဒါပေမယ့် တရားဝင် ပြောတာ မရှိသေးပါဘူး”ဟု စောပွယ်စေးက ကေအိုင်စီသို့ မေ ၂၉ ရက်နေ့တွင် ပြောသည်။

ထို့အပြင် အမေရိကန်တွင် ဒေါ်နယ်ထရမ့်အစိုးရတက်လာပြီးနောက် ဒုက္ခသည်များကို ခေါ်ယူခွင့်ပိတ်ထားသည့် အတွက် အမေရိကန်ဒုက္ခသည်ခေါ်ယူမည့်အစီအစဉ်နှင့်ပတ်သက်၍ တစ်စုံတစ်ရာပြောလာခြင်း မရှိသော်လည်း UNHCR အနေဖြင့် တစ်ခြားနိုင်ငံများနှင့် စကားပြောထားခြင်းများရှိသည်ဟု ၎င်းက ဖြည့်စွက်ပြောသည်။

လက်ရှိ ဂျပန်နှင့် ကိုးရီယားနှစ်နိုင်ငံက ဒုက္ခသည်များကိုခေါ်ယူမည့် မယ်လဒုက္ခသည်စခန်းသည် ထိုင်း-မြန်မာ နယ်စပ်တာခ့်ခရိုင်တွင်တည်ရှိပြီး အကြီးဆုံးဒုက္ခသည်စခန်းတစ်ခုဖြစ်သည်။ ၁၉၈၄ ခုနှစ်တွင် စတင်တည် ထောင်ပြီး လက်ရှိလူဦးရေ ၃၀,၀၀၀ (သုံးသောင်း)ကျော် နေထိုင်လျက်ရှိသည်ဟု သိရသည်။