Home သတင်း ဒူးပလာယာ စစ်ရှောင်များအတွက် ရံပုံငွေစျေးရောင်းပွဲတော်တွင် ပါဝင်ကူညီကြရန် ကရင်လူငယ်များ ဖိတ်ခေါ်

ဒူးပလာယာ စစ်ရှောင်များအတွက် ရံပုံငွေစျေးရောင်းပွဲတော်တွင် ပါဝင်ကူညီကြရန် ကရင်လူငယ်များ ဖိတ်ခေါ်

621

မေလ ၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ထိန်းချုပ်ရာ တပ်မဟာ (၆)၊ ဒူးပလာယာခရိုင်အတွင်းရှိ စစ်ဘေးရှောင် ပြည်သူများအတွက် လိုအပ်သည့် အခြေခံစားနပ်ရိက္ခာများ ကူညီထောက်ပံ့ပေးနိုင်ရန် ရည်ရွယ်ပြုလုပ် မည့် ရံပုံငွေ စျေးရောင်းပွဲတော် အစီအစဥ်တွင် ပါဝင်ကူညီကြရန် ဦးဆောင်စီစဉ်သူ ကရင်လူငယ်များက ဖိတ်ခေါ်လိုက်သည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ် ကရင်လူငယ် (KSA)နှင့် မဲဆောက်ကရင်လူငယ်အဖွဲ့တချို့မှ ပါဝင်ဦး ဆောင်ပူး ပေါင်းပြီး ရံပုံငွေစျေး‌ရောင်းပွဲ တစ်ရပ်ကို မဲဆောက်မြို့ ပါရမီအထက်တန်းကျောင်း၌ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါ စျေးရောင်းပွဲတော်မှ ရရှိလာသော ရံပုံငွေအားလုံးကို ကော့ကရိတ်၊ ကျုံဒိုးအတွင်း တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ဘေးရှောင်များအတွက် အသုံးပြုသွားမည်ဖြစ်၍ နယ်စပ်ဒေသရှိ မည်သူမဆို ပါဝင်လာပေးကြရန် ပွဲတော်ဦးဆောင်စီစဥ်ရာတွင် ပါဝင်သူ မနွယ်နွယ်က ယခုလို ပြောသည်။

“ဒီဒူးပလာယာခရိုင်အတွင်းက ကော့ကရိတ်၊ ကျုံဒိုးနဲ့ အနီးတစ်ဝိုက်ရွာတွေမှာ အခုတကျော့ပြန် ဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူတွေ အတွက် အရေးပေါ် လိုအပ်နေတဲ့ အခြေခံပစ္စည်းများ စားနပ်ရိက္ခာနှင့်ဆေးဝါးများကို တတ်နိုင်တဲ့ဘက်ကနေ ကူညီ ပေးချင်တဲ့ ရည်ရွယ်ချက်နဲ့ ဒီပွဲကို လုပ်ဖြစ်သွားတာပါ။ အဲ့ဒါကြောင့် လာမယ့် ရန်ပုံငွေစျေးရောင်းပွဲတော်မှာ အားလုံးအတူတကွ ပါဝင်အားဖြည့်ကြဖို့ တိုက်တွန်းချင်ပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

“Together 4 Dooplaya” ဟူသော ခေါင်းစဥ်ဖြင့် ပြုလုပ်မည့် အဆိုပါ ရံပုံငွေ စျေးရောင်းပွဲတော်ကို လာမည့် မေလ ၁၀ ရက်၊ စနေနေ့ ညနေ ၄ နာရီမှ ည ၁၀ နာရီအထိ ကျင်းပသွားမည်ဖြစ်ပြီး စျေးရောင်းပွဲ၊ ကရင်အနု ပညာရှင်များ၏ ဖျော်ဖြေရေး အစီအစဥ်နှင့် ကရင်ရိုးရာအက ဖျော်ဖြေရေးများကိုပါ ပြုလုပ်ကျင်းပသွားမည်ဟု သိရသည်။

လက်ရှိအချိန်ထိ ဒူးပလာယာခရိုင်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် ထိုးစစ်ဆင်မှုများကြောင့် ကျုံဒိုးမြို့နှင့် အနီးတဝိုက် ကျေးရွာများအထိ တိုက်ပွဲများ ဖြစ်ပွားနေဆဲ ဖြစ်ကာ သောင်းနှင့် ချီသော ဒေသခံများ လည်း ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ကြောင်း ‌ဒေသတွင်း အရင်းအမြစ်များထံမှ သိရသည်။

ပြီးခဲ့သည့် ဧပြီလတွင်လည်း မဲဆောက်နှင့် ချင်းမိုင်တက္ကသိုလ်မှ ကရင်လူငယ်များအနေဖြင့် Kick for Earthquake အစီအစဥ်နှင့် ငလျင်ဘေးရံပုံငွေပွဲကို ကျင်းပခဲ့ပြီး ထိုမှရရှိလာသော ရံပုံငွေများကို စစ်ကိုင်းနှင့် မန္တလေးမှ ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက် လှူဒါန်းမှုများလည်း ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။