Home သတင်း စစ်အုပ်စု၏ အခြေခံအခွင့်အရေးချိုးဖောက်ကျူးလွန်မှုဆိုင်ရာ အထောက်အထားများ ILO ထံ ပေးပို့ထား

စစ်အုပ်စု၏ အခြေခံအခွင့်အရေးချိုးဖောက်ကျူးလွန်မှုဆိုင်ရာ အထောက်အထားများ ILO ထံ ပေးပို့ထား

966
Photo- CTUM

မေလ ၂၉ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

မြန်မာနိုင်ငံအတွင်း စစ်အုပ်စု၏ အခြေခံအခွင့်အရေး ချိုးဖောက်မှု၊ အကြမ်းဖက်မှုများဆိုင်ရာ သက်သေ အထောက်အထားများအား ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ထံ ပေးပို့ထားသည်ဟု အမျိုးသားညီ ညွတ်ရေး အစိုးရ (NUG) အလုပ်သမားဝန်ကြီးဌာနမှ ဦးဆောင်သည့် သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့ဝင်များက ယမန်နေ့ မေ ၂၈ ရက်‌နေ့တွင် ပြုလုပ်သည့် အွန်လိုင်းသတင်းစာရှင်းလင်းပွဲ၌ ပြောဆိုခဲ့သည်။

“Justice and Dignity in Myanmar – Clear policy and firm stands needed” ခေါင်းစဉ်ဖြင့် NUG အလုပ်သမားဝန်ကြီးဌာနမှ သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့နှင့် မြန်မာလုပ်ငန်းရှင် များအဖွဲ့ချုပ်(MEF)၊ မြန်မာနိုင်ငံဆိုင်ရာ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(CTUM)၊ မြန်မာနိုင်ငံအလုပ်ရှင် များအဖွဲ့(MEO) တို့ ပါဝင်ပြီး ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထိုကဲ့သို့ ထည့်သွင်းပြောဆိုခဲ့ခြင်း ဖြစ်သည်။

သုံးပွင့်ဆိုင် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် စစ်အုပ်စု၏ အခွင့်အရေး ချိုးဖောက်ကျူးလွန်မှုများနှင့် ပတ်သက်၍ စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လာသူ (၇၅၃) ဦး၊ အခွင့်အရေးချိုး‌ဖောက်ခံနေရသည့် လုပ်ငန်းရှင်(၂၅) ဦး၊ အလုပ်ရှင်အဖွဲ့အစည်း (၄) ဖွဲ့နှင့် အဓမ္မစစ်သားစုဆောင်းခံရခြင်းမှ လွတ်မြောက်လာသူ (၆၀) ဦးထံမှ ထွက်ဆို ချက်များကို ကောက်ယူပြီး (ILO) ထံသို့ သက်သေအထောက်အထားများအား ပေးပို့ခဲ့သည့် အကြိမ်ရေ စုစုပေါင်း (၃) ကြိမ် ရှိခဲ့ပြီဟု NUG အလုပ်သမားဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးကျော်နီက ယခုလို ပြောသည်။

“ ဒီစစ်မှုထမ်း အဓမ္မစုဆောင်းခံရပြီးတော့ ရှေ့တန်းကနေရော အလင်းဝင်လာတဲ့လူတွေဆီကနေရော ဒီလူတွေနဲ့ မြေပြင်မှာ ကျနော် ကိုယ်တိုင်တွေ့ဆုံ အင်တာဗျူးခဲ့တာတွေ ရှိတယ်။ အဲဒီမှာ အများစုက အလုပ်သမားတွေ ဖြစ်နေပါတယ်။ နေ့စားအလုပ်သမားတွေကနေ ပြည်တွင်းပြည်ပအလုပ်သမားအများစု ပါဝင်ပါတယ်။ ဒီလိုမျိုး အလုပ်သမားတွေက စစ်မှုထမ်း အဓမ္မစုဆောင်းခံရတဲ့ထဲမှာ အများဆုံးပါဝင်နေပါတယ်” ဟု ဆွေးနွေးပွဲအတွင်း ပြောဆိုသွားခဲ့သည်။

အချက်အလက်များအား ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ပထမအကြိမ် ကောက်ယူခဲ့ပြီး ၊ ကျန်သည့် ဒုတိယနှင့် တတိယအကြိမ်ကို ယခု ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလနှင့် မတ်လတွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် စတုတ္တအကြိမ်မြောက် ပေးပို့မှုအတွက် အချက်အလက်များ စုစည်း ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း ဆိုသည်။

အ‌ထောက်အထားများ အဆက်မပြတ် ပေးပို့နိုင်ခဲ့ခြင်းကြောင့် ယခုနှစ် မတ်လအတွင်း ကျင်းပပြီးခဲ့ခဲ့သည့် (၃၅၃) ကြိမ်မြောက် ILO Governing Body အမှုဆောင်အစည်းအဝေး၌ စစ်အုပ်စုအား (ILO) ပုဒ်မ ၃၃ ဖြင့် အ‌ရေးယူနိုင် ရေးအတွက် ဆုံးဖြတ်ချက်ချမှတ်ရာတွင် ထိရောက်သော အထောက်အကူပြုများ ဖြစ်စေခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်ကောင်စီ၏ နေ့စဉ် ဗုံးကြဲတိုက်ခိုက်မှု ၊ အလုပ်သမားနှင့် လူ့အခွင့်အရေးဆိုင်ရာ ကာကွယ် စောင့်ရှောက်နိုင်မှု၊ အဓမ္မစစ်မှုခိုင်းစေမှု၊ ကလေးစစ်သားအသုံးပြုနေမှု၊ အမျိုးသမီးနှင့် ကလေးများအပါအဝင် အပြစ်မဲ့ပြည်သူများ သတ်ဖြတ်ခံနေရမှုများအား ရပ်တန့်စေနိုင်အတွက် စစ်ကောင်စီကို Article 33 ဖြင့် အရေးယူနိုင်ရေးကို ILO ကိုယ်စားလှယ်များက ထောက်ခံမဲများ ပေးကြရန် တောင်းဆိုခဲ့သည်။

ILO အုပ်ချုပ်ရေးအဖွဲ့ဝင် ဒေါဖြိုးစန္ဒာစိုးက “ Article 33 ဆိုတာ အပြစ်ပေးတယ် ဆိုတာထက် မြန်မာပြည်သူလူထု အလုပ်သမား တစ်ရပ်လုံးရဲ့ ဘဝကို ကာကွယ်ပေးဖို့ဖြစ်တယ်။ ကျမတို့ရဲ့ မြန်မာပြည် သူလူထုရဲ့ အသက်တွေ အလုပ်သမားတွေရဲ့ အသက်တွေ ဘဝတွေကို အကာအကွယ်ပေးနိုင်ဖို့ လာမည့် ညီလာခံမှာ အလုပ်သမားတို့ရဲ့အသံ ပြည်သူတို့ရဲ့အသံဘက်ကို ရည်တည်ပြီးတော့ မဲထည့်ပေးဖို့ တောင်းဆိုပါတယ်” ဟု ဆွေးနွေးပွဲတွင် ၎င်းက တိုက်တွန်းနှိုးဆော်ခဲ့သည်။

လာမည့် ၂၀၂၅ ခုနှစ် ဇွန်လ၌ ပြုလုပ်မည့် ILO ညီလာခံတွင် အဓမ္မစစ်မှုထမ်းခိုင်းခြင်း၊ အလုပ်သမား၊ အလုပ်ရှင်နှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်နေသော စစ်ကောင်စီအား ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) ပုဒ်မ ၃၃ ဖြင့် အရေးယူနိုင်ရန် အုပ်ချုပ်မှုကော်မတီက အတည်ပြုခဲ့ကာ အပြီးသတ် ဆုံးဖြတ်ချက် ချသွားမည်ဟု သိရသည်။

၂၀၂၂ ခုနှစ်၊ မတ်လတွင် NUG အစိုးရ၊ အလုပ်သမားဝန်ကြီးဌာန ဦးဆောင်သည့် အစိုးရ၊ အလုပ်ရှင်၊ အလုပ် သမားကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သော သုံးပွင့်ဆိုင်အဖွဲ့ များသည် ILO ကို လွတ်လပ်ပြီး တရားမျှတသည့် မြန်မာနိုင်ငံဆိုင်ရာ စုံစမ်းစစ်ဆေးရေး ကော်မရှင် (Commission of Inquiry on Myanmar-COI)အဖြစ် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

ထို့အတူ စစ်အုပ်စုအား ILO Constitution, Article 33 နှင့် ထိရောက်ပြင်းထန်စွာ အပြစ်ပေး အရေးယူရေး နှင့် NUG အစိုးရအား မြန်မာနိုင်ငံ၏ တရားဝင်အစိုးရအဖြစ် ILO ယန္တရားမှတဆင့် စတင်အသိအမှတ်ပြုမှု ရရှိရေးတို့ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။